အခုတလော သီချင်းရေးမယ်ဆိုပြီးရေးနေတာ ကဗျာတွေပဲ ထွက်နေတယ်။ စိတ်ကရေးလို့မရတဲ့ သီချင်းကို ကြည့်ပြီး ကဗျာတွေပဲ ရေးချင်နေတယ်။ စိတ်ထွက်ပေါက်ရှာတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ အလုပ်မှာလည်း အခုတလော အလုပ်များတာကို လူက နည်းနည်းငြိုငြင်ချင်သလိုဖြစ်နေတယ်။ ကဗျာကိုလည်း ရေးနေကြပုံစံထဲက ခွဲထွက်ပြီး ရေးကြည့်ချင်တယ်။ ချင်ခြင်းများစွာထဲက သရော်ခြင်းကိုဆွဲယူပြီး ဖြစ်ပျက်နေတာတွေကို သရော်ခဲ့တယ်။ နံပါတ်စဉ်တပ်ပြီး ပထမဆုံးရေးဖြစ်ခဲ့တဲ့ ကဗျာပါပဲ။
————————————————————
ချိတ်မိရာက
ပါလာတော့တာပါပဲ
မိထားတဲ့ ငါးထက်
ပါသွားတဲ့ ငါးစာက
ပိုကြီးနေတယ်။
နှာစေး၊ ချောင်းဆိုး
အကြွေးရှင်လာရင်
တစ်မျိုးမျိုး
ပြောင်းသုံးရမယ်။
ဘယ်လို ?
ကလောင်တံဈေး ?
သြော်ဒါလား …
၂၅၀၀ ပဲပေး
မာနဟာ
ဝါကျမှာပဲ ရှိတယ်။
ဟင်းသီးဟင်းရွက်လို
မနွမ်းတတ်တာက လွဲလို့
ဘ၀မှာ
ချရောင်းခံရတာခြင်းတော့ အတူတူ
လက်ညှိုးထိုး
ကြိုက်ဈေးပေးဝယ်
အမဲဖျက်ခံရတာများတယ်။
မှိန်းနေရင်းပဲ
မှိန်သွားမလား
မှိန်နေရင်းပဲ
မှိန်းသွားမလား
သံချေးက သံပေါ်တက်တာ
ဆန်းသလားကွယ်။
ထီမပေါက်လည်း
ဖိနပ်တော့ ပေါက်ခဲ့ဖူးပြီ
တစ်လမ်းပဲသွား
လမ်းလည်းမှားခဲ့ဖူးပြီ
အရိပ်တွေ့တိုင်းနား
သဘ၀တရားကို
လိုသလိုနားလည်နေမိ ။
တစ်မူးကိုရှာ
အရူးထက်သာချင်နေသူ တစ်ယောက်
မိုးခါးရေတွေ
တွင်တွင်ကြီးသောက်နေမိတယ်။
သက်ထွေး
စက်တင်ဘာ ၈ရက် ၂၀၁၀ ညနေ ၅း၁၂