မင်းရှာနေတဲ့ မာစတာပိ(စ်)ဆိုတာ မင်းတော်တော့ကွာဆိုတဲ့ လက်မထိပ်အပ်စိုက်နည်းလို့ မင်းသိခဲ့ပြီးတဲ့နောက်
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းအော်ဆိုခဲ့ မင်းကျစ်နေအောင်လိပ်ထားတဲ့ မင်းပဲနပ်တဲ့ မင်းစိတ်ဂယက်တွေ မင်းအော်ဆိုခဲ့
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းကိုယ်မင်းတိုက်ထုတ်ဖို့ သက်ပြင်းတွေစည်းရုံးနေပုံက တစ်နှစ်သုံးရေနိုင်ဖို့ အခက်ခဲဆုံးအခြအနေ
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းမြင်ကွင်းထဲ စတန့်ထွင်ခေါင်းထောင်ဝင်လာမဲ့ လက်ကျန်အသက်လေးအတွက် လိုက်ကာထဆွဲလိုက်ဖို့ မင်းမှာစိတ်ကူးမရှိ
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းအစာအိမ်ဟာ မိန်းမတစ်ယောက်ရဲ့ ကွင်းလယ်စက်ဝိုင်းမှာတည်ထားတဲ့ မျက်နှာထားနဲ့ ကျင့်သားမရသေး
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းထပြေးလေ မင်းရယ်သံတွေမှန်ထားတဲ့နံရံပေါ်က အမှတ်သည်းခြေနည်းလွန်းတဲ့ လက်သီးတွေဆီ မင်းထပြေးလေ
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်း ဝိတ်တက်လာတဲ့ ရှင်သန်မှုအပေါ် သစ္စာရှိခဲ့၊ မင်း ဝင်ပြိုင်ခဲ့တဲ့ သွေးပျက်မှုအပေါ် ရိုးသားခဲ့
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းမကျွမ်းကျင်ပဲ ပေါက်နေတဲ့ တူးမြောင်းဟာ မင်းသပ်မရတဲ့ မင်းရဲ့လျှာဖြစ်ရဲ့
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်း လက်အရေးကြောင်းတွေအပေါ် ကန္တာရတစ်ခုလုံးသွန်ချနေပုံက မျှခြေမညှိပဲ စွန့်စားလိုက်တာမျိုး
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။
မင်းကိုယ်မင်း စိန်ခေါ်မှုအပေါ် သေကောင်းပေါင်းလဲ တောင့်ခံနေရေးမှာ စာနာစိတ်သာရောက်မလာရင် ရှပ်တိုက်ပျော်ရွှင်မှုဟာ လက်လွန်ခြေလွန်
တစ်ကယ်တော့ဘာမှ အရေးမကြီးတော့ဘူး။ ။

သက်ထွေး
၂၄ ဇန်နဝါရီ ၂၀၁၃ ညနေ ၅း၃၅