ထိတ်လန့်မှုဟာ
ဘယ်လောက် နက်ရှိုင်းနေပြီလဲ …
ပျော်ရွှင်မှုကို
ဒန်းလိုလွှဲနေရတာ မောပြီ …
ပစ်တင်လိုက်ရတဲ့ နားလည်မှုဟာ
တစ်ခါတစ်ခါ ပြန်ကျမလာဘူး …
ရပါတယ် …
ယုံကြည် မပေးပါနဲ့ …
အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ခြင်းဆိုတာ
အဆိုးဆုံးတွေကို ရင်ဆိုင်နေထိုင်နိုင်ခြင်းပါပဲ …
နားလည်ပါတယ် …
မေ့ထားခဲ့ရတဲ့မြို့က
လက်ကလေးချိုး၊ သချာင်္လေးတွက်တတ်ရုံနဲ့
ပြန်လာလို့မရဘူးဆိုတာ  …
သူလိုကိုယ်လို
ကျောပေါ်မှာ အိမ်ဆောက်တိုင်းကစားကြည့်ရင်း
ကိုယ်ဆံပင်ရှည်ဖူးခဲ့ပေါ့ …
ပေါ့ပေါ့ပါးပါး ရယ်သံတစ်ခုဟာ
ပြတ်ပြတ်သားသားရှိခဲ့ဖူးရင် ကောင်းမယ် …
နွေးနွေးထွေးထွေး စိတ်ကူးတစ်ခုဟာ
စိမ်းစိမ်းလန်းလန်းရှိခဲ့ဖူးရင်  ကောင်းမယ် …
မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့  ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား …
ဆာလောင်မှု ဧည့်မှတ်တမ်းမှာ
ကိုယ်တစ်ယောက်ထဲထိုင်သွားတယ် …
လူတွေအကြောင်းပိုနားလည်လာလေလေ … အသက်ရှူသံတွေကို ပိုစာနာမိလေလေပဲ။ ။

သက်ထွေး
၁၅ ဇွန် ၂၀၁၁ မနက် ၁၀း၄၆