ပထမဆုံးပြောချင်တာကတော့ တောင်းပန်စကားပါ။ ကျွန်တော်ကဗျာအသစ်မရေးဖြစ် မတင်ဖြစ်တာ တော်တော်ကြာသွားတယ်။ အတိုချုံ့ပြောရမယ်ဆိုရင်တော့ ခေါင်းမဖော်နိုင်လောက်အောင် အလုပ်တွေနဲ့ဗျာများနေပြီး အဲ့ဒီစိတ်တွေနဲ့ပဲ ကဗျာရေးချင်တာတောင်မှ ဘာမှထွက်မလာပါဘူး။ ခဏခဏအသစ်တင်လားဆိုပြီး လာရောက်စောင့်ဖတ်လေ့ရှိကြတဲ့ ညီအကိုမောင်နှစ်မတွေကို အလွန်ပဲ အားလည်းနာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက် အသစ်တွေရေးနိုင်အောင် ကြိုးစားနေပါတယ်။

အခုတင်မယ့်ကဗျာက အသစ်ပါ။ ဒါပေမဲ့ လောလောလတ်လတ် ရေးထားတဲ့ အသစ်မဟုတ်ပါဘူး။ မခိုင်စိုးလင်း၊ ကိုဟန်သစ်ငြိမ်တို့ ဦးစီးပြီးထုတ်တဲ့ “ဥမ္မာ့ notebook” ဆိုတဲ့ ebook အတွက် ရေးပေးခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကြားဖြတ် ကြော်ငြာအနေနဲ့ ထို ebook ကို ဖတ်ချင်သူများ ဒီနေရာတွေမှာ ဒေါင်းလို့ရပါ၏။ Download at mediafire and ifile ။ စာအုပ်ပြုလုပ်ခြင်းရဲ့ အိုင်ဒီယာကအစ စာအုပ်အတွင်းပိုင်း ဒီဇိုင်းအဆုံး ဘာဆိုဘာမှ ပြောစရာမရှိအောင် သေသပ်ပိရိလွန်းတဲ့အတွက် ဖတ်ဖြစ်အောင် ဖတ်ပါလို့လည်းတိုက်တွန်းပါရစေ။ သုံးလေးလကြာလောက် အချိန်ပေးပြီးပြင်ဆင်ဖန်တီးထားခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

ကျွန်တော့်ကဗျာဘက်ပြန်သွားမယ်ဆိုရင် စာအုပ်ထုတ်မယ် ကဗျာရေးပေးပါလို့ ကဗျာတောင်းတော့ အရူးစာအုပ်အတွက် အရူးနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုတဲ့။ ဘယ်လိုရူးရူးရတယ်ဆိုတော့ ကိုယ့်အတွက် သိပ်မခက်ပါဘူး .. အရင်ထဲကသိပ်စိတ်မနှံ့ဘူးလို့ ခံယူထားတာ။ တစ်ကယ်တမ်းရူးမယ်လုပ်တော့ ဘယ်လိုရူးရမယ်မှန်းမသိဘူး။ အက်ဆေးတစ်ပုဒ်အတွက် လွယ်ကောင်းလွယ်နိုင်မဲ့တော့ပစ်တစ်ခုဖြစ်ပေမဲ့ အကြောင်းအရာကို အတိုချုံ့ပြီးစုစည်းရတဲ့ ကဗျာလိုအရေးအသားမျိုးအတွက်ကြတော့ ကျွန်တော့်အတွက်ခက်နေတယ်။ ဒါနဲ့ ဟိုသီချင်းနားထောင် ဒီသီချင်းနားထောင်ရင်း Carlos Santana ရဲ့ Maria Maria ဆိုတဲ့ သီချင်းဆီရောက်သွားတယ်။ သီချင်းက မာရီယာ ဆိုတဲ့ သိပ်လှတဲ့ မိန်းမလှလေး တစ်ယောက်အကြောင်း။ တစ်နေ့လုံး အဲ့ဒီသီချင်းကို အကြိမ်ကြိမ်နားထောင်ဖြစ်တယ်။ နောက် မာရီယာကို ရူးသွပ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်း ရေးမယ်လို့ဆုံးဖြတ်ပြီး ကျွန်တော်ဒီကဗျာကို စရေးဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့် အကျင့်က အကြောင်းအရာတစ်ခုကို အစထဲက frame ချပြီးရေးရင် ဘယ်တော့မှ ရေးရတာအဆင်မပြေဘူး။ စကားလုံးအသုံးအနှုန်းသုံးရတာလည်း အားမရသလို ကျွန်တော့်အတွက် ရေးကွက်ဘောင်တွေ အရမ်းကျဉ်းလာတယ်။ ကဗျာပဲဖြစ်စေ၊ အက်ဆေးပဲဖြစ်စေ၊ ဝတ္ထုတိုပဲဖြစ်စေ ကျွန်တော်ရေးတဲ့အခါ ကျွန်တော့်မှာ အစမရှိဘူး၊ အဆုံးမရှိဘူး၊ အကြောင်းအရာမရှိဘူး။ ထိုအရာတွေကို ကျွန်တော့်စိတ်ထဲက ထွက်လာတဲ့ စကာလုံးတွေ၊ စဉ်းစားလို့ရတဲ့ ပုံရိပ်တွေနဲ့ပဲ ပုံသဏ္ဍာန်တွေ တည်ဆောက်လိုက်တာပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့ တစ်ချို့ကဗျာတွေမှာ theme ပျောက်နေတာတွေ့ရပါလိမ့်မယ်။ အားနည်းချက်တစ်ခုလို့ ဆိုမယ်ရင်လည်း ဆိုနိုင်ပါတယ်။ သဏ္ဌာန်တစ်ခုထဲမှာ frame တစ်ခုထားပြီး တည်ဆောက်ဖို့ကြိုးစားမယ်ဆိုတဲ့ စိတ်ကူးမျိုး ကျွန်တော် ဘယ်လိုမှ ထားလို့မရတာကြောင့်လည်းပါပါတယ်။ မာရီဲယာအကြောင်းပြန်ဆက်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ်ချတဲ့ frame ထဲမှာ ကျွန်တော်ရှေ့မရောက်တော့ဘူး။ ဒါနဲ့ စဉ်းစားလိုက် ရတာလေး ချရေးလိုက်နဲ့ လုံးလည် ချာလည်လိုက်နေတယ်။ အဲ့ဒီ့အချိန်တုန်းက ညီတစ်ယောက် နှစ်ယောက်ကလည်း သူတို့ရဲ့ ကောင်မလေးပြဿနာတွေအကြောင်း လာပြောပြပြီးကဗျာရေးခိုင်းတယ်။ သူတို့ရေးခိုင်းတဲ့ အကြောင်းအရာနဲ့ စပ်နွယ်လို့ရမလား စဉ်းစားကြည့်တော့ တစ်ယောက်ရဲ့ ပြသနာက မာရီယာရဲ့ ဇာတ်လမ်းထဲ ပုံသွင်းလို့ရနေတယ်။ ဒါနဲ့ စိတ်ကူးထဲမှာရှိတဲ့ မာရီယာနဲ့ သူတို့မာရီယာ ပေါင်းစပ်ပြီး ဒီကဗျာရေးဖြစ်ခဲ့တယ်။ မာရီယာကို အရူးအမူးစွဲလန်းနေတဲ့ ကောင်လေးတစ်ယောက်ထက် မာရီယာကို အရင်လို ပြန်လည်ရှင်သန်လာဖို့ အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ စကားတွေအနေနဲ့ ပုံသွင်းထားတယ်။

ခင်ဗျားတို့မှာကော ကြိုးပျက်နေတဲ့ မာရီယာ ရှိလား ၊ ဒါမှမဟုတ် ရှိခဲ့ဖူးလား …..

————————————————————-

ဒီအခန်းဟာ ဥယျာဉ်မဟုတ်ဘူး
ရှုခင်းတွေကို ပြန်ယူသွားပါ …
နေကာမျက်မှန်တစ်လက်လောက်
အလင်းတန်းတွေအကြောင်း
ဘယ်သူမှပိုမသိပါဘူး …
မျက်ဝန်းလှလှလေးကို
ပြီးစလွယ် ချွတ်ပစ်လိုက်ပါဦး မာရီယာ …
အရင်လို
လူပြောများလွန်းလှတဲ့
တနင်္ဂနွေအကြောင်းပဲလား …
ဖုန်းခွက်ထဲ
နံနက်ခင်းသက်ပြင်းတွေ
သွင်းယူ၊ ခင်းကျင်း၊ ပြသရုံပဲမဟုတ်လား …
အုံ့ဆိုင်းနေတဲ့ ဆက်ဆံရေးမှာ
အသံတစ္ဆေတွေ
ကူးခတ်လှုပ်ရှားနေကြပုံက
သီအိုရီအိုတစ်ခုလို စိုထိုင်းငြီးငွေ့ချင်စရာ …
လိပ်ယူလို့မရနိုင်တော့တဲ့ စွန်ကြိုးတစ်စလို
မင်းနှုတ်ခမ်းတွေ
လိုတာထက် ကျစ်လစ်တင်းရိနေလွန်း
အရာရာဟာ လှနေဆဲပါ မာရီယာ …
အရင်လို
လက်သည်းအရှည် ပြန်ထားပါဦး …
လျှို့ဝှက်ချက်ဆိုတာ
လက်သည်းခွံလေးတွေရဲ့အောက်က
ဖက်ရှင်အသေတစ်ခုလို့
အခြောက်ခံနေတဲ့ စိတ်ကူးမျိုးနဲ့
မရယ်မပြုံး လိမ်းခြယ်ထားပါဦး …
လူမြင်မခံနိုင်တာကိုက
မျက်ရည်တို့ရဲ့ သဘာဝပဲ …
အဲ့ဒီလို မျက်လုံးမျိုးနဲ့ မကြည့်ပါနဲ့ …
ကဗျာရေးသူဟာ အိပ်ငွေ့ချသူမဟုတ်ဘူး
ဒါကြောင့် ရင်ဘတ်အငှားနဲ့ အိပ်ပျော်မနေစေချင်ဘူး …
အဓိပ္ပာယ်ကို ဆံပင်အတိုဖြတ်သလို
မင်းစွန့်လွှတ်ခဲ့ဖူးသလိုမျိုး …
ခံယူချက်ကို ရစ်သမ်အပိုတစ်ခုလို
မင်းတီးခတ်ကြည့်ခဲ့ဖူးသလိုမျိုး …
ရှင်သန်ပါ  …
ပြန်လည် ရှင်သန်ပါ မာရီယာ …
နောက် …  ဒီအခန်းထဲက
မျှော်လို့ရတဲ့ ရှုခင်းတွေကို ပြန်ယူသွားပေးပါ။ ။

သက်ထွေး
၈ မတ်လ ၂၀၁၁ ည ၆း၀၇