ကဗျာဟောင်းတစ်ပုဒ်ပါ။ အသစ်မတင်နိုင်သေးတဲ့အချိန်မို့ အဟောင်းပဲပြန်တင်လိုက်ပါတယ်။ ဆရာဒိုးလုံးကတော့ “အားလုံးမေ့လို့ရရင် .. အရာရာအဆင်ပြေသွားမယ်” တဲ့ .. ဒါနဲ့ ကျွန်တော်လည်းမေ့ကြည့်လိုက်တယ်

————————————————————

မေ့လိုက်
ညတစ်ဖြစ်နဲ့
နံနက်အခင်းအကျင်းတွေ
မေ့လိုက် ..
ရနံ့သင်းနေကြ
အခန့်မသင့်ခြင်း
တကူးတကတွေ
မေ့လိုက် ..
ဒဏ်ရာပေါ်က
ဖြေသိမ့်ခြင်း
သုခတွေ
မေ့လိုက် ..
စိတ်လိုလက်ရ
သက်ပြင်း
အစွန်းအထင်းတွေ
မေ့လိုက် …
တွေ့ရှိခဲ့
မျှော်လင့်ခြင်း
အနှိုင်းမဲ့ကုဋေ
မေ့လိုက် …
ကောက်မိခဲ့
ခြေရာထပ်
လမ်းကြမ်းတွေ
မေ့လိုက် …
ဖြတ်သန်းခဲ့
ရင့်ကျက်မှု
အပိုင်းအစတွေ
မေ့လိုက် …
တိတ်ဆိတ်ခဲ့
အထီးကျန်ခြင်း
စိတ်တ္တဇတွေ
မေ့လိုက် …
ခံစားမှု
ရေမြေဒေသ
ဝေးကွာမှုပြ
ခွဲခွာခြင်း
ရလဒ်တွေ
မေ့လိုက် …
နာဖျားခဲ့
ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။

သက်ထွေး
မေ ဝ၄ ၂၀ဝ၉