ခပ်လှမ်းလှမ်းမှာ
အ၀ါရောင်နွေဥတုဟာ
မျိုချထားတဲ့ ပင်လယ်တုနဲ့ ..
လွမ်းမောစရာကောင်းလွန်းလှပါတယ်ဆိုတဲ့
ဥသြသံတွေ ပြန်ပြန်ရစ်ပြီး
နားထောင်ဖြစ်နေပေမယ့် …
အဆုံးသတ်ညက်တဲ့
ပြိုလဲမှုမရှိ …
ရယ်စရာမောစရာ
တိုက်ဆိုင်မှုမရှိ …
တစ်ခုခု သတိရမိတယ်ဆိုတာနဲ့
ကိုယ်ရေးပြီး ကိုယ်နဲ့မဆိုင်တဲ့
ကဗျာတွေထဲ ပြန်ထိုင်ဖြစ်ခဲ့တယ် ..
စွန့်စားပစ်လိုက်ဖို့
ဝေါခနဲချိုးချလိုက်တိုင်း
ခေတ်ပျက်ပလက်ဖေါင်းပေါ်
ဘီးချော်နင်းမိလျက်သား …
ကိုယ့်ပုခုံးကိုယ်ထမ်းထားရတဲ့
အိမ်ပြေးတစ်ယောက်လို …
ကိုယ့်ကိုယ်ကို မျက်နှာချင်းမဆိုင်မိအောင်
မှောင်တဲ့အထိ စောင့်ခဲ့တယ် …
မတွေ့ပါရစေနဲ့ …
မတွေ့ပါရစေနဲ့ …
ကျောသပ်တဲ့လက်တွေနဲ့
တစ်ခါပြန်လည် မဆုံတွေ့ရပါစေနဲ့ …
ဘယ်သူမှမသိတဲ့ ကမ္ဘာမှာ
တိတ်တိတ်ဆိတ်ဆိတ် ထိတ်လန့်ခဲ့ဖူးတယ် …
ကျကျနန နာဖျားခဲ့ဖူးတယ် …
ရုတ်ရုတ်သဲသဲ အထီးကျန်ဆန်ဖူးတယ် …
အဆုံးသတ်ဆိုတာ
ကိုယ်ခဏခဏတိုက်ခဲ့ဖူးတဲ့ ထီလက်မှတ်ပဲ …
သေချာအောင် လက်ကလေးကွေးလိုက်ချင်ပေမယ့်
တစ်ခါတစ်ခါပစ်မှတ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ။

သက်ထွေး
၁၁ ဧပြီ ၂၀၁၁ နေ့လည် ၂း၃၄