နှုတ်ဆက်ခဲ့ပါတယ် …
ဖဲငုဝါငယ် …
အခိုက်အတန့်
သက်တံ့ရယ်လို့ပဲ
ငါတို့
သဘောထားလိုက်ကြပါစို့ …
အစိမ်းရောင်
နေ့စွဲတွေကို ပြန်လည်ဖာထေးရင်း
ပန်းနုရောင်
ရက်စွဲတွေနဲ့
လွဲချော်ခဲ့ရသူမို့ …
မနက်ဖြန်ဆိုတာ
ယနေ့လောက်
ရင်မခုန်ဖြစ်ခဲ့ပါဘူးကွယ် …
ချော်လဲရောထိုင်
ယဉ်ကျေးမှုဝတ်စုံကို
ကံကြမ္မာက
အခန့်သား ဝတ်ဆင်လို့
“နှုတ်ဆက်ကမ်းလင့်လက်”
တစ်စုံကို
ငါတို့နက္ခတ်ရဲ့
ဘယ်အရပ်သို့များ
လှမ်းစေခဲ့သလဲ …
ကြွေခဲ့တဲ့မိုးတိမ်များ
ဘယ်အရပ်မှာ စိမ်းစိုနေကြမလဲ …
စွေခဲ့သော မိုးရိပ်တွေကော
ဘယ်ဘက်မှာငြိမ်းညိုနေကြမလဲ ….
အစဉ်အမြဲပါပဲ
မင်းအတွက် … ငါ … စိုးရိမ်နေရဆဲ …
ရေငုံနှုတ်ပိတ်
နှလုံးသား တစ်စုံကို
ငါ့ယာပျက်ထဲ
ခြွေကာ ပျိုးခဲ့ပါတယ် …
ရိတ်သိမ်းချိန်မှာသာ
နွေဟာ မနွေးသွားပါစေနဲ့ …
ကြယ်တွေလဲ
ကြွေကာ မလင်းသွားပါစေနဲ့ …
ယဉ်ကျေးမှု ဝတ်စုံကိုသာ
ချေကာ နင်းသွားကြပါကွယ် … ။
သက်ထွေး
နေ့လည် ၂းဝ၈ ၂၆ရက်နေ့ ၁၂လ ၂၀ဝ၈