ရေးထားတာ ကြာပါပြီ။ မှတ်မှတ်ရရ ဒီကဗျာရေးပြီးတဲ့ညမှာပဲ အကြီးအကျယ်ဖျားပါတယ်။ ၂ ပတ်လောက်အထိ မလှုပ်နိုင် မထနိုင် .. လိုသလို ပြန်ထည့်ထားလိုက်မိတဲ့ ဓာတ်ခဲတွေ ဆားပေါက်ကုန်ကြတယ်ထင်ပါတယ်
—————————————–
သူမက
“လွတ်လပ်ခြင်း” ဟု
ကြေးနန်းရိုက်လိုက်သောအခါ
ကျွန်တော်က
သံယောဇဉ်
ရထားတစ်စီးပ်ါမှ
ခရီးသွား ဖြစ်သည်။
အငွေ့တလူလူနဲ့
မျှော်လင့်ချက်တွေက
ကောင်းကင်ကြီးကို
ဂရုမစိုက်အားခဲ့ …
စိုက်ထူရခက်သော
ဆုပ်ကိုင်ရာမဲ့
ဒြပ်တို့ရှိရာ
မနက်ဖြန်များ ဆီသို့သာ
ဖိုသံတွေ ပေးလို့
ချီတက်ရင်း
အခမ်းအနားနဲ့
လာနေခဲ့သည်။
အလွမ်းဆိုတာ
ပြန်ဆုံတွေ့ရမဲ့
ချစ်သူနှစ်ယောက်အတွက်
အလှပဆုံး
ဇာတ်သိမ်းဖြစ်မယ်လို့
ကျွန်တော်
ယုံကြည်ခဲ့ဖူးရဲ့ …
ယနေ့တွေကို
ကန့်လန့်ကာချ
ပစ်လိုက်သောအခါ
အတိတ်ဆိုသော
အရာသည်
မြူစိုင်းများထက်တွင်
မီးကိုဖိုလို့သာ
ကျန်ရစ်ခဲ့တော့သည်။
သူမ
ဆိုက်ရောက် မလာခဲ့သော
ဘူတာလေးသည်
ရင်ခုန်သံများဖြင့်
စွံ့အလို့နေ၏ ….
ကျွန်တော်သည်
အဝေးပြေး စကားပြောစက်မှ
တစ်ဆင့်
အိပ်မက်သေများကို
ဖမ်းယူလှုပ်နှိုးခဲ့သည်။
လက်ချိုး ရေထားသော
သူမ၏ ပြင်ဆင်မှုများကြားထဲ
ကျွန်တော်
နေသားမကျခဲ့ …
သူမ၏
မျက်ရည်များသည်
ကျွန်တော့် လက်၏
တစ်ဖက်သက်
ဆုပ်ကိုင်မှုများအား
ဖြေချခဲ့သည် ။
“မလိုအပ်တော့ပြီ” ဟု
ဓာတ်ခဲဖြုတ်ချ
လိုက်သောအခါမှသာ
ကျွန်တော်သည်
သူမ၏ ရီမုဒ်လေးဖြစ်မှန်း
သတိထားမိခဲ့သည် …
ထိန်းချုပ်ရာမဲ့သော
နေ့ရက်တွေထဲ
ကျွန်တော်၏
လွတ်လပ်မှုသည်
အထီးကျန်ဆန်လွန်းလှသည်။
ဒီဘူတာအိုလေးထဲသို့
သူမ
ပျံသန်းလာရန်
ကျွန်တော်
ဆက်လက် မမျှော်လင့်ခဲ့ပါ ..
တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်သာ
ဖြစ်သည်။
ဒီလိုနှင့်
သူမ၏ ကြေးနန်းစာသည်
ကျွန်တော်၏
ဓာတ်ခဲအား
ကိုက်ချီယူဆောင်
ပြေးထွက်သွားခဲ့သည် ။ ။
သက်ထွေး
၁၅ ဇွန် ၂၀၀၈ ညနေ ၅းဝဝ