တစ်ခုခုလို့ တွေးမိတိုင်း
တစ်နေ့နေ့ကို ပြန်ထုတ်ကြည့်မိတယ်။

ဘဝအမောတွေကို
လက်ရွေးစင်တေးစုတစ်ခုလို စုဖြစ်တယ်။

စက်မှုနည်းပညာခေတ်ကြီးထဲ အရာရာကို
ဝတ္တရားဆန်ဆန် ဆက်သွယ်ခဲ့မိတယ်။

မျှော်လင့်ချက်တွေကို ငေးကြည့်နေမိရုံနဲ့
ထီးတစ်လက်လို အလိုလိုဦးညွတ်ချင်နေမိတယ်။

ဖက်တွယ်လို့ကောင်းဆဲ ယုံကြည်မှုဟာ
ရင်းနီးမြှုပ်နှံမှုသက်သက်သာဖြစ်ကြောင်း လေ့လာခဲ့ရတယ်။

လျော်စရာ အခွင့်အရေးမရှိတဲ့အခါ
ကြိုးစားသင်ယူခြင်းမှာ လုပ်ပွဲတွေများလာတယ်။

“ရင့်ကျက်ခြင်းဆိုတာလည်း အထီးကျန်ခြင်းတစ်မျိုးပါပဲ” လို့
ကဗျာတစ်ပုဒ်ထဲ ရေးသားခဲ့ဖူးတာ သတိရတိုင်း
စိတ်ကိုမီးညှိပြီး နာမကျန်းမှုတွေကို
ကမ္ဘာကြီးနဲ့အတူတူ  ထိုင်ဖွာနေမိတယ်။ ။

သက်ထွေး
၁၄ မတ်လ ၂၀၁၁ ညနေ ၅း၁၅