အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။

ကျွန်တော်ဟာ ..
ကိုယ့်ကိုယ်ကို ပြန်မျှားနေတဲ့ ငါး …
ခြေရာ ဖွက်မထားနိုင်တဲ့ ကျား …
ဣထိယ ဒဏ်သင့်နေတဲ့ ပျား …

မြူကိုနှင်းထင်ရလောက်အောင်
ဖြူစင်ခြင်းဟာ မှော်ဆန်လွန်းလှချည်ရဲ့။

ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို  ပြောပါ ..

ကိုယ့်ကျင့်တရား လှိုက်စားသွားသည်အထိ  …
ဆင်ခြင်တုံတရား ဖောက်စားခံလိုက်ရသည်အထိ …
ကရုဏာတရား ရိတ်သိမ်းထားခံလိုက်ရသည်အထိ …
ကျွန်တော် ယုံကြည်သွားပါစေ။

ပတ်ဝန်းကျင်မှာ
တစ်ကယ်လိုနေတာ ရာသီဥတု ..

အင်္ကျီလက်တိုနဲ့
ကျန်းမာရေးကို
စိန်ခေါ်ခဲ့ ..

ကျွန်တော် ချောင်းမှန်မှန်ဆိုးချင်ပြီ။

ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ  …

ပြောင်းလဲမှုအပေါ်
ကျွန်တော် အလွန်အကျွံ လက်ခံလွယ်ခဲ့တယ်။

ယောက်ျားတစ်ယောက်အတွက်
အနည်းဆုံး နှစ်ခါပြန်ခုန်ချနိုင်မဲ့
အလျှံပယ်မြစ်တစ်မြစ်တော့ ရှိသင့်တယ်မဟုတ်လား။

အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။

သက်ထွေး
၁၂ ရက် ဖေဖေါ်ဝါရီ ၂၀၁၁ နေ့လည် ၁း၄၀