တစ်ချိန်က ယဉ်ကျေးမှုအရ
အနုပညာစကား ပြောခဲ့ကြရသလို …
အခုလည်း ယဉ်ကျေးမှုအရ
ဈေးစကား ပြောဖြစ်ကြတော့မယ်။

ဘ၀မှာ
လိုတာထက်
ဖြောင့်မတ်နေဖို့လိုလား ..
ကျွန်တော့်အတွက်တော့
မီးပူတိုက်ရတာ ညှော်တယ်။

ခင်ဗျားတို့
လည်နေပုံကြီးက
ပန်ကာဆန်တယ် ..
ကျွန်တော့်နဲ့တော့မကိုက်ဘူး
ချွေးထွက် များတယ်။

ဖြည့်ဖို့လိုတာလား …
ပြည့်ဖို့လိုတာလား  …
ဖြည်ဖို့လိုတာလား ..
ပြည်(ပြေ)ဖို့လိုတာလား ..
ကျွန်တော်တို့ ဒီလောက်တော့  ညှိရလိမ့်မယ်။

စိတ်တော့မရှိပါနဲ့ ..
လိုမှ ထုတ်သုံးဖြစ်တော့
ကျွန်တော့်စကားတွေက ချောင်ကျတယ် …
ခင်ဗျားတို့
အသက်ရှူကျပ်မှာ ကြိုသိလို့
ဖုန်တော့သုတ်လာပါတယ်။

ကျွန်တော့်အခန်းမှာ
မီးရောင်စုံထွန်းပြီး
အရိပ်တွေ ချိတ်ဆွဲထားတယ် ..
ခင်ဗျားတို့ သဘောကျတယ်ဆိုရင်တော့
အခန်းနံရံပါဖြုတ်ပေးလိုက်မယ်။

“အနုပညာကလေ” ဆိုပြီး အစချီလိုက်တာ
“ဒီလောက်တော့ထား” ဆိုမှပဲ
ခင်ဗျားတို့
ဈေးခြင်းတောင်းကြီး ခပ်ကြီးကြီးကို …
ကျွန်တော် သတိထားမိတယ်။

ကျွန်တော့် အဖြူက ညစ်ထေးထေး …
ခင်ဗျားတို့ အစိမ်းကလည်း နွမ်းဖတ်ဖတ် …
အခုမှ … ဂျင်ပဲ့ခြင်း မိတ်ဖက်
ကျွန်တော်တို့ ကံစပ်ကြတယ်ထင်ပါရဲ့။

“ဟိုလောက်ထား” “ဒီလောက်ပဲယူ”နဲ့
ခင်ဗျားတို့
ပန်ကာကြီးတွေဖြစ်ပြီး ချွေးသိပ်ကျဲတာပဲ
ကဲကဲ .. မိတ်ဖြစ်ဆွေဖြစ်
ကျွန်တော် အလေးမခိုးလိုက်ဘူး ..
ရေပဲပါးပါးလေးထိုးပေးလိုက်တယ်။ ။

သက်ထွေး
၂၀ရက် ဇန်န၀ါရီလ၂၀၁၁ မနက် ၁၂း၁၆