ကျွန်တော် ဘယ်မှ မရောက်ဖြစ်တာကြာပြီ။ ဒါပေမဲ့  ကျွန်တော့်ဆီ နေ့တွေ ရောက်လာတယ်၊  ညတွေ ရောက်လာတယ်၊ ရာသီတွေ ရောက်လာတယ်၊ နောက် … အပြောင်းအလဲမြန်တဲ့ သွေးအေး သတ္တဝါတစ်ကောင် ရောက်လာတယ်။ သူ့ကို “အတွေး” လို့ ကျွန်တော် နာမည်ပေးလိုက်တယ်။ ကျွန်တော် ကဗျာတွေအပေါ် တက်ထိုင်ဖြစ်တဲ့အခါ သူက တိမ်တွေအပေါ် တက်ထိုင်နေလေ့ရှိသလို  သီချင်းတွေ ခပ်တိုးတိုးညည်းဖြစ်တဲ့အခါ သူဟာ မိုးရွာထဲ လမ်းလျှောက်နေလေ့ရှိတယ်။ ကျွန်တော့် အသက်ရှူကျပ်ခြင်းဟာ သူနဲ့မကင်းဘူးလို့ပြောတော့ စီးကရက်ကို ဟန်ပါပါဖွာရင်း “ဒါဆို  လျှော့တွေး” လို့ သူကဆိုတယ်။ သူမြတ်နိုးတဲ့အရာတွေ ရှားတယ်၊ ရှိပြန်ရင်လည်း တန်ဖိုးကများတယ်။ “တန်ဖိုး” ဟာ ကျွန်တော့်အမြင်မှာ ဘာလဲလို့ သူမကြာခဏမေးတယ်။ ကျွန်တော် ပြန်မဖြေဖြစ်ဘူး။ အဖြေလိုချင်လို့မေးနေတာထက် အဖြေတစ်ခု သူ့ဆီမှာရှိနှင့်နေပြီးသား ဖြစ်မယ်ဆိုတာကို သိနေတာကြောင့်လည်းပါတယ်။ တစ်နေ့ လေတိုက်ရင်း ကျကွဲသွားခဲ့တဲ့ ပန်းအိုးစတွေကို လှဲကျင်းရင်း “တန်ဖိုးဆိုတာ ပန်းအိုးတစ်လုံးလိုပေါ့ကွာ၊ တစ်ချိန်မှာ ကျရောက်လာကြမယ့် အမြင်အာရုံတွေကို သူကိုယ်တိုင်လည်း  မျှဝေခံယူနိုင်ရက်နဲ့ သူ့ရပိုင်ခွင့်အားလုံးကို ထိုးစိုက်ခံထားရတဲ့ ပန်းတစ်ပွင့်ဆီ အစွမ်းကုန်ပုံအော   ဆွဲမြှူကူးပြောင်းပေးလိုက်သူပေါ့” လို့ ရင်ခွင်တစ်ခုလုံး ရှင်းလင်းပြီး သူမေးဖြစ်နေတဲ့မေးခွန်းကို သူကိုယ်တိုင်ဖြေလာတယ်။ ရေးလက်စ ကမ်းဗတ်(စ်)စပေါ် စုတ်တံကို ကျွန်တော် ပြန်တင်လိုက်တဲ့အခါ သူက ဆရာကြည်မောင်သန်းရဲ့ “ပျော်စရာအိပ်မက်ဆိုး” ဆိုတဲ့ ကဗျာထဲက စာသားအချို့ကို အရောင်တွေထဲ ကျွန်တော် မြင်သာအောင် သွားဖွက်ထားလိုက်တယ်။

“သစ်ပင်တွေက လျှောက်သွားနေပြီး
လူတွေက တစ်နေရာမှာ ငြိမ်ငြိမ်လေးနေကြမယ်ဆိုရင်
ကမ္ဘာကြီးက ဒီထက်နေချင့်စဖွယ် ကောင်းမည်ပင်” – ကြည်မောင်သန်း

တစ်ချက်တစ်ချက် အားအားယားယား ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ ကားအချို့ကလွဲလို့ အားလုံးက ပုံမှန်ပါပဲ။ ကျွန်တော်တို့ နှစ်ယောက်လည်း ပုံမှန် ညနေ ကစားဝိုင်းတစ်ခုမှာ ပျော်ဝင်နေကြတယ်။ ကစားနေကြတဲ့ ကစားနည်းက “ကျား”၊ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စားကြရမယ့်အစား မျက်နှာချင်းမဆိုင်မိကြအောင် ရှောင်တိမ်းသွားနေကြတယ်။ “လုပ်ပွဲကြီးပါကွာ” လို့ ဝင်ကြေးမပေးရတာကြောင့် ဝင်ကြည့်ဖြစ်ကြတဲ့ လူအချို့ကပြောတယ်။ ကျန်နေကြတဲ့ လူအုပ်ထဲက တစ်ချို့လည်း အားမလိုအားမရ၊ တစ်ချို့လည်း ရင်သပ်ရှုမော၊ တစ်ချို့လည်း ဖာသိဖာသာ၊ အားလုံးမှာ တူညီကြတာတစ်ခုက ကျွန်တော်တို့အတွက် အမှတ်တရ လက်ဆောင်အဖြစ် “အနိုင်၊ အရှူံး” ဆိုတဲ့ ကပ်ခွာတစ်ခုဆီကို ပြိုင်ပွဲအဆုံးမှာ လူကြုံပါးလိုက်သလိုလိုနဲ့ လက်ဆင့်ကမ်းလိုက်ချင်ကြခြင်းပါပဲ။ တစ်သက်လုံး သိမ်းထားဖြစ်လိမ့်မယ်လို့လည်း သူတို့ စိတ်ထဲ တွေးကောင်း တွေးနေကြလိမ့်မယ် ထင်ပါတယ်။ သူကတော့ “နောက်ဆုံး … လူဟာ လူပါပဲ” ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်ကတော့ ပြိုင်ပွဲလို့ သဘောမထားထားတဲ့ ကစားပွဲဆီမှာပဲ စိတ်နှစ်ထားလိုက်တယ်။ ဒီလိုနဲ့ သူရွှေ့ ကိုယ်ရွှေ့ ရွှေ့လိုက်ကြတာ ကျွန်တော့်ဗဟိုဟာ သူ့ခံတပ်ဖြစ်သွားပြီး သူ့ခံတပ်မှာ ကျွန်တော် တပ်ဆွဲထားလိုက်တယ်။ မတိုင်ပင်ထားဘဲ ကျွန်တော်တို့ နှစ်ယောက် ကစားဝိုင်းကို သိမ်းလိုက်တယ်။ အရင်ထဲက မငြိမ်တဲ့ လူတစ်စု ရေနဲ့ပက်ပြီး အနှိုးခံရသူလို ယောင်ယောင်ဝါးဝါးတွေ ဖြစ်ကုန်တယ်။ ပြိုင်ပွဲလို့သတ်မှတ်ကြတဲ့ ကစားပွဲကို အားမလိုအားမရ၊ ရင်သပ်ရှုမော၊ ဖာသိဖာသာ ဖြစ်နေရာကနေ အဖြစ်အပျက်ကို နားမလည်လိုက်၊ ထင်ကြေးပေး၊ စိတ်ကုန်တာတွေ ဖြစ်ကုန်ကြတယ်။  သူဘာမှ ဝင်မပြောခင် ကျွန်တော်ကပဲ မနေ့ကရေးဖြစ်ခဲ့တဲ့ ကဗျာစာသားအချို့ကို  လိပ်စာကဒ်ကြားညှပ်ပြီး လူတွေ မြင်သာလောက်တဲ့နေရာမှာ ချထားခဲ့တယ်။

“ဘယ်သူမှ ဘေးထွက်ပေးစရာမလိုပါဘူး
လှည့်ကွက်ကို သူ့နေရာသူပြန်ထားရတဲ့အခါ
အံကျနေဖို့တော့လိုတာပေါ့…”

ရစ်လုံးကို ကျွန်တော် ကောက်ကိုင်လိုက်တော့ သူက မျှားတံက မျှားချိတ်ကိုဖြုတ်နေတယ်။ အရင်က ရစ်လုံးမပါဘဲ အခန်းထဲမှာ စွန်လွှတ်တယ်။ အခု စိတ်ကူးရတာနဲ့ စွန်မပါဘဲ ရစ်လုံးကြီးပဲလွှတ်ကြည့်ဖို့ ကျွန်တော် ပြင်ဆင်နေတယ်။ တစ်ဖက်မှာတော့ သူကမျှားချိတ်ကို ဖြုတ်ရင်း တရုတ်စကားပုံတစ်ခု ရွတ်နေတယ် “When Uncle Jiang goes fishing, he uses no bait. For the willing comes biting ..” ။ ဘာရယ်မဟုတ်ပဲ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြိုင်တူရယ်ဖြစ်ကြတယ်။ “ပျံသန်းနေချင်သူအတွက် ပျံသန်းနေဖို့ပဲလိုတယ်” လို့ ယူဆဖြစ်ခဲ့တာကြောင့် အရင်ကလွှတ်နေကျ ကမ်းပါးလေးနား မရောက်ဖြစ်တော့ဘူး။ လွန်ခဲ့တဲ့တစ်နေ့က … နေ့ဘက်ထက် ညဘက်မှာပဲ စွန်သွားလွှတ်ဖြစ်တဲ့ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် အမှတ်မထင်ပြန်တွေ့တော့ “မင်းမှာ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ်” လို့ သူကဆိုပါတယ်။ သူပြောတဲ့ လျှို့ဝှက်ချက်ရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် နားမလည်ပါ။ တစ်ကယ်လို့သာ လျှို့ဝှက်ချက်အစား ခံစားချက်လို့ ပြောင်းလဲသုံးသွားခဲ့လျှင် သူ့အား သင့်တော်တဲ့ အဖြေတစ်ခုခု ပြန်ပေးမိခဲ့မယ် ထင်ပါတယ်။ တစ်ခုခုပေးလိုက်တယ်ထင်ပြီး ဘာတုန့်ပြန်မှုမှမရတဲ့အခါ သူအားမလိုအားမရဖြစ်လာပါတယ်။ ဒီလိုနဲ့ စွန်သွားလွှတ်ဖြစ်တဲ့ညတစ်ညမှာ သူ ကျွန်တော်နဲ့ လိုက်လာတယ်။ သူ့ထုံးစံအတိုင်း စကားတွေ ရေပက်မဝင်အောင်  ပြောနေချိန်မှာ ကျွန်တော်ကလည်း ကျွန်တော့်ထုံးစံအတိုင်း ကောင်းကင်မှာ ဝဲပျံနေတဲ့ စွန်လေးကို မကြည့်ဘဲ အတိုးအလျှော့လုပ်ပေးနေမိတဲ့ ရစ်လုံးပေါ်က လက်ချောင်းလေးတွေကိုပဲ ဂရုတစိုက်ကြည့်နေမိတယ်။ လရောင်က အရင်လို ခပ်အက်အက်ပါပဲ။ စွန်လေးကလည်း Mr Big သီဆိုခဲ့တဲ့ “Going where the wind blows” ထဲက စာသားအချို့ကို  သူ့ထုံးစံအတိုင်း ခိုစီးနေကြ ကြယ်လေးတွေကြားထဲ ပစ်သွင်းလိုက်တယ်။

“Am I strong enough to walk on water
Smart enough to come in out of the rain
Or am I a fool going where the wind blows” – Mr.Big

နိုးနေရက်နဲ့တော့ ကျွန်တော်ဆက်လှဲမနေတတ်ဘူး။ ဒါနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ကော်ဖီတစ်ခွက် ဖျော်။ ရပ်သောက်နေကျ ပြတင်းတံခါးနားရောက်တော့ သူက စီးကရက်လေး လက်ကြားညှပ်ပြီး ရောက်နှင့်နေပြီ။  ဘေးအိမ်က ကလေးငိုသံ၊ အိမ်အောက်က ခေါင်းလောင်းဆွဲသံ၊ ဘယ်ကမှန်းမသိတဲ့ ကက်ဆက်သံ၊ ကျွန်တော် ကော်ဖီ သောက်သံ၊ သူဆေးလိပ် ရှိုက်သံ၊ မိုးသာလင်းနေတယ် … ကျွန်တော်တို့ စိတ်တွေမလင်းသေးဘူး။ ဒါနဲ့ လက်ကျန် ကော်ဖီ ခပ်ရင့်ရင့်ကို အကြောထဲဆွဲသွင်းပြီး ခဏပြန်ခွေနေလိုက်တယ်။ သူကတော့ ဘေးမှာ တီဗီချန်နယ်တွေ တစ်ခုပြီးတစ်ခု ထိုင်ပြောင်းနေလေရဲ့။ နံနက်ခင်း သတင်းမှာ သူ့အကြောင်း မပါသေးဘူး၊ အမ်တီဗွီမှာ ကျွန်တော်ကြိုက်တဲ့ သီချင်းမလာသေးဘူး၊ ကျွန်တော်တို့ အခန်းထဲက ရာသီဥတုအခြေအနေကို မိုးလေဝသအစီအစဉ်မှာ ပြောမသွားဘူး ဒါပေမဲ့ အားကစားသတင်းအရ ကျွန်တော်တို့အားပေးနေတဲ့ အသင်းတော့ ကိုယ့်ဂိုးကိုယ်သွင်းပြီး ရှူံးသွားတယ်။ ပုံရိပ်တွေကို ဆေးလိပ်ပြာခွက်ထဲ ထည့်ပြီး သူထိုးချေပစ်လိုက်တယ်။ နောက် “ကိုယ့်မီးကိုငြှိမ်း” ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကျွန်တော့်ကို မီးခြစ်ကမ်းတယ်။ ကျွန်တော် “မီး”ကို ဆက်”ချစ်”နေမိတယ်။  “ရောဂါပဲကွာ” ဆိုတဲ့ စိတ်ကုန်မှုမျိုးနဲ့ မသောက်ဖြစ်ဘဲ ရက်လွန်သွားကြတဲ့ဆေးအချို့ သူယူသွန်ပစ်လိုက်တယ်။ အနားမှာရှိနေတဲ့ ထောက်ချွန်နဲ့ တစ်ကိုယ်စာ ဆန့်လောက်မယ့် စက်ဝိုင်းတစ်ခုဆွဲပြီး ကျွန်တော် ဝင်ထိုင်နေလိုက်တယ်။ လည်ချင်နေတဲ့  ဗဟိုကို ပြတင်းပေါက် သံဘောင်နဲ့ ချည်ထားလိုက်တယ်။ “အဖြစ်အပျက်တိုင်းဟာ သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်ကြရလောက်အောင် ထောင့်မများပါဘူး”။ သူကတော့ ကျန်တဲ့ စက္ကူအပိုင်းအစတွေနဲ့ စက္ကူလှေခေါက်နေတယ်။ “မမျောနိုင်ရင် မျှောပစ်ဖို့လိုတယ်” တဲ့။ အနင်းခံထားရတဲ့ ကြွေပြားတွေ အေးဆက်မြဲ အေးဆက်နေဆဲ။ “ချမ်းတယ်လို့” ခြေဖဝါးတွေကပြောတယ်။ ကျွန်တော် “ချစ်” မိတဲ့ “မီး” ကတော့ တောက်မြဲတောက်နေတယ်။ “ငါတို့ တစ်ကယ် လင်းပြနိုင်ဖို့ တစ်ကယ့်ညဟာ ဘယ်တော့လာမှာလဲ” လို့ ကြယ်ဘူးထဲက ကြယ်လေးတွေက တီးတိုးပြောတယ်။ စုဘူးကို သူခွဲချလိုက်တယ်။  နောက်တော့ တိုးတိတ်ကြေကွဲ “ဘာလို့ မလုံလောက်သေးတာလဲ .. ဘာလို့မလုံလောက်သေးတာလဲ”။ ပန်းချီကားဟာ မှန်ကွဲစတွေနဲ့ ချုပ်ရိုးဖြည်နေတယ်။ အဖြူရောင်ဘောင်တစ်ခု ကျွန်တော် တပ်ပေးလိုက်တယ်။  “အများကြီးလင်းဖို့ မလိုပါဘူး” တဲ့ မြင်နေကျ ဓာတ်တိုင်ကြီးကိုကြည့်ပြီး စာကြည့်မီးအိမ်လေးက ပြောတယ်။ ပူလွန်းတာနဲ့ပဲ အခန်းဟာ ကြယ်သီးဖြုတ်ထားတယ် … သူရယ်ကျွန်တော်ရယ် အရစ်ပြုံးနေတဲ့ အဖုံးလေးနဲ့  လုံအောင် ဖိထားပေးလိုက်တယ်။

“အထဲမှာ သူခုန်ချင်ခုန်နေမယ်
ဒါပေမဲ့
စိတ်ကို လုံအောင်ပိတ်ထားတယ် “…

သက်ထွေး
ဇန်နဝါရီလ ၇ရက် ၂၀၁၁ ညနေ ၄း၁၁