နေကောင်းလားလို့ မမေးဖြစ်ဘူး ..
အစာမှန်မှန်တော့ ကျွေးဖြစ်တယ် ..
အိပ်ခိုင်းတာပဲ ..
ပြောလည်း ပြောပြောပါ  ..
(ဘယ်တုန်းကရဘူးလဲ)
ရယ်သံကအစ
အေးတိအေးစက်နိုင်လာတယ် ..
စိတ်နဲ့ဆက်နွယ်မှုလည်း
အရေပြားလို အပေါ်ယံဆန်ဆန်ပဲ …
စိတ်လိုလက်ရ တွေးဖြစ်သေးပေမဲ့
သူ ယုံကြည်မှုနည်းလာတယ်တဲ့ …
သာလိကာလို ဝတ္တရားဆန်တဲ့ တုန့်ပြန်မှုမျိုး
မဖြစ်မနေဆက်ဆံရတဲ့အခါမျိုး မကြာမကြာထုတ်သုံးတယ် ..
ကောင်းကောင်းဟန်မဆောင်တတ်ပေမဲ့
သရုပ်ဆောင်တတ်လာတယ် ..
ဘီယာတစ်ခွက်လို အမြှုပ်မထနိုင်တော့တဲ့ ဆန္ဒ
လိုတာမရတာနဲ့ပဲ အနည်ကျလာတယ် ..
မျှားစာ၊ ထောင်စာ တို့ထက်
မျှားချိတ်၊ ထောင်ချောက် တို့လို
အဆုံးသတ် သပ်ရပ်မှုမျိုး သူအလိုရှိလာတယ် ..
နီးနီးလာပေမဲ့
ခေါ်နေတဲ့အသံက တိုးတိုးသွားတယ် ..
မျှော်လင့်ခြင်းမှာ
ဆွဲငင်အားရှိသလို
တွန်းကန်အားလည်းရှိတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ် ..
တစ်ချိန်က ကိုငှက်ရဲ့ သက်ငြိမ်ဂီတမှာ
သူ့ရဲ့ ရုပ်သေ ခံစားချက်တစ်ချို့ ပိရိလာတယ် ..
အခု …
ဟိုင်းဝေးလမ်းမကြီးလို
ခပ်ပြင်းပြင်းအသက်ရှူသံတွေကို အဖေါ်လုပ်ရင်း
သူ့ဆီသူပြန်မရောက်ဖြစ်တာကြာတာနဲ့
သူ့ကိုယ်သူပြန်မျှားနေတယ်။ ။

သက်ထွေး
ဒီဇင်ဘာ ၁၇ ၂၀၁၀ မနက် ၁၂း၁၇