ကျွန်တော်ကမှတ်တိုင် …
ပုံမှန်
လူတင်လူချကားတစ်စီးထက် …
ဖြတ်သွားဖြတ်လာ
သတိရမှုမျိုးနဲ့သာ ရောက်လာတတ်တဲ့
ခဏတာ
သူမ ခြေဖ၀ါးလေးကို မျှော်သူ … ။

ရက်စွဲတွေနဲ့
နေသားကျလာမှုကို ဟန်ဆောင်မှုလို့
ကျွန်တော်က မြင်တယ် …
အနာဖေးတက်မခံတဲ့ လွမ်းဆွေးမှုနဲ့
မနက်ဖြန်ရောက်လည်း …
ဒီနေ့အကြောင်းပဲ တွေးနေမိဦးမှာပဲ။

လှိုင်းငယ်နဲ့
ပင်လယ်ပါ …
ကိုယ့်အသံကိုယ်ပြန်ကြားချင်တာထက်
ကမ်းခြေဘက် ပြေးကပ်ချင်နေတာကများတယ်။

ယုံပါ …
တုန်ခါစေလိုတဲ့
စိတ်နဲ့တော့
ဒီဖုန်းလေးကို အော်မြည်စေခဲ့တာမဟုတ်ဘူး … ။

ကိုင်ပါ …
လိုအပ်ချက်တစ်ခုအတွက် မဟုတ်လည်း
ကိုင်ပါ …
ဆက်နွယ်မှုတစ်ခု မဖြစ်စေလိုလည်း
ကိုင်ပါ …
စိတ်ဆန္ဒတစ်ခု မဖေါ်ပြလိုဘူးဆိုလည်း
ကိုင်ပါ …
တစ်ုခုခု ပြောတာ မပြောတာထက်
သူမဘက်က လက်ခံသေးတယ်ဆိုတဲ့အသိ
ကျွန်တော့်ရင်ထဲ ရှိစေချင်သေးတယ်။

ဒီမှာ
ကျွန်တော် စောင့်နေတယ်
သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့ ။ ။

သက်ထွေး
ဒီဇင်ဘာ ၂ ရက် ၂၀၁၀ ညနေ ၅း၁၉