ခြေချဖို့
ကြမ်းပြင် …
ကျောဆန့်ဖို့
ကုတင် …

ကိုင်လက်စ
ဖေါင်တိန် …
ရေးလက်စ
ကဗျာတစ်ပုဒ် …

ကျနေကျ
မျက်ရည်နှင့် …
ဝင်နေကျ
နေညိုချိန် တစ်ချို့ …

မညှိဖြစ်ခဲ့သော
သံယောဇဉ် …
ကီးကြောင်ခဲ့သော
အချစ်သီချင်း …

မပေးဖြစ်ခဲ့သော
လက်ဆောင် …
မယူဖြစ်ခဲ့သော
အခွင့်အရေး …

ဆက်မပြုံး
ဖြစ်သော အပြုံး …
ထပ်မကွဲ ဖြစ်သော
အသည်း …

မဆန့်ဖြစ်ခဲ့သော
လက်နှင့် …
မလျှောက်ဖြစ်ခဲ့သော
ခြေထောက် …

မကြည့်ဖြစ်ခဲ့သော
မှန်နှင့် …
မြင်တွေ့ခဲ့ဖူးသော
မယုံကြည်ခြင်းများ ..

ရနံ့ပြယ်
အနမ်းနှင့် …
စွတ်စိုဆဲ
အလွမ်း …

တွက်ချက်ခဲ့ဖူးသော
ပုစ္ဆာနှင့် …
မှားယွင်းခဲ့ဖူးသော
ကိန်းဂဏန်းများ …

သော့မခတ်
ဖြစ်ခဲ့သော ဧည့်ခန်းနှင့် …
မသိမ်းဖြစ်ခဲ့သော
ကြေမွ ရှုပ်ပွခဲ့ခြင်းများ …

မထုတ်ဖေါ်ဖြစ်သော
ခံစားချက်များနှင့် …
လစ်လျှူရှုပြခဲ့သော
ရုပ်သေ နှစ်သိမ့်မှုများ …

မနမ်းရက်ခဲ့သော
ပန်းတစ်ပွင့်နှင့် …
ဆူးရက်ခဲ့သော
အခက်အလက်များ …

တိတ်ဆိတ်သော
ရင်ခုန်သံပေါ်သို့
ကျကွဲခဲ့သော
ကြေကွဲခြင်း
အစအနများ …

နာရီလက်တံပေါ်က
ပန်းတိုင် …
သံပတ်ကုန်ခဲ့သော
ခြေလှမ်း …

စိုးရိမ်ခြင်း
မီးတောက်သို့
မထည့်ဖြစ်တော့သည့်
ပူပင်ခြင်း လောင်စာများ …

ဖြူလွှာရောင်
ကောင်းကင်အတွက် …
မဲရောင်ခြယ်
ဆေးပန်းချီကား …

မလင်းချင်ခဲ့သော
နံနက်ကြောင့် …
မသာခဲ့ရသော
နေမင်း …

တောင်းတခဲ့သော
မျက်ဝန်းမှ …
မမျှော်လင့်မိခဲ့သော
မျက်ရည်များ …

ကိုင်စွဲခဲ့ပေမယ့်လည်း
မခိုင်မြဲခဲ့ခြင်းများ …
အငွေ့မပျံခဲ့ပေမဲ့
လွင့် ပြယ်ခဲ့ခြင်းများ …
ခိုအောင်းမဲ့
မနက်ဖြန်များမှာ
တစ်စစနဲ့ …….. ။ ။

သက်ထွေး
၂၆ ဖေဖေါ်ဝါရီ ၂၀ဝ၈