ကားတစ်စီးဖြတ်သွားတယ်
ဖုန်းတစ်ချက်မြည်လာတယ်
ကြုံရာကျပန်း နံပါတ်တစ်ခုက
ကိုယ့်အသံနဲ့ ခပ်ဆင်ဆင်လူတစ်ယောက်
ဖုန်းလာကိုင်တယ် …
ကျင်းကိုရှာနေတဲ့ ဂေါက်သီးလုံးလို
လိမ့်ကာ … လိမ့်ကာနဲ့
ကားဘီးက ဗွက်အိုင်ထဲ ထိုးကျတယ် …
ရုန်းအားရှိလို့ နွံထဲထိုးဆင်းတာဖြစ်မယ်လို့
ကောက်ချက် ချသူက ချတယ် …
တစ်ချိန်မှာ သူများမျက်နှာပေါ်
တက်စင်ဖို့အတွက် ဗွက်ဖြစ်ခဲ့တာလား အဖေ …
ခေါက်တင်လိုက်လည်း ပြီးသွားမှာပါ
ဒီအင်္ကျီလက်ကို ဖြတ်ပစ်စရာမလိုပါဘူး …
မဟုတ်ဘူး …
ဒါစွန်းထင်းသွားတာ မဟုတ်ဘူး …
ရုပ်ကိုဖျက်လို့ရတယ်
အသံကိုဖျက်လို့ရတယ်
အခုဖျက်မရတာက စိတ် …
“ဟယ်လို” ကြားရသေးလား …
သူနောင်တရနေတယ် ..
ဖုန်းကိုင်မိလိုက်တဲ့အတွက်
သူနောင်တရနေတယ် …
ခဏပါ …
နောက်ပြီးသွားမှာပါတဲ့
သက်ပြင်းကို လေသွင်းသံကြားတယ် …
အကြောထဲ မာနလိုလို အစိုင်အခဲ ထိုးသွင်းတယ် …
လွှတ်ပေးလိုက်ရင် လွင့်သွားမှာ သိတယ် …
နေသာထိုင်သာ မရှိချင်ဘူး …
ပြောပါ … တစ်ခုခု …
မောပြီ …
ကိုယ့်အကြောင်းကိုယ်ပြန်ကြားနေရတာ
မောပြီ …
“ရှိသေးလား” …
အင်း … ဘာမှမဟုတ်ပါဘူး …
ခဏခဏ သတိရနေတာနဲ့
ခဏခဏ ခေါ်မိနေတာ …
“သြော်” …
ခုနပဲ … တွေးနေသေးတာ
မှန်တာနဲ့မှားတာ နှစ်ခုပဲရှိတာ
ဘာလို့လူတွေက တစ်ခုပဲလိုချင်ကြတာလဲလို့ …
ပုစ္ဆာမဆန်ပါဘူး … ဒါမေးခွန်းဆန်တာ
ရှုထောင့်ချင်းတော့ ကွာတာပေါ့ …
ဝမ်းနည်းစရာက ထောင့်ချင်းတူပေမဲ့
တို့နှစ်ယောက် အနားချင်းမတူကြတာ …
ဒါဆို … ဒီဘက်ကို “ရွှေ့” လာခဲ့လေ …
ဒါဆို .. ရှင်က “စား” မှာပေါ့ …
ဒီလိုအတွေးရှိနေပြီဆိုကတည်းက
ဒီကစားနည်းကို ဆက်ကစားလို့ မဖြစ်တော့ဘူး …
ဒီလိုနဲ့ ပြီးသွားရောလား …
“လမ်းကဆုံးသွားပြီရှင့်”
မဟုတ်ဘူး …
မရပ်မနားသွားနေတဲ့သူအတွက်တော့
လမ်းဆိုတာ ဘယ်တော့မှ မဆုံးဘူး …
ရှေ့ဆက်သွားလည်း “လမ်း” …
နောက်ပြန်သွားလည်း … ဒါ “လမ်း”ပဲ …
ရွေးချယ်တယ်ဆိုမှတော့
တစ်ဖက်သတ်ဆန်တာပေါ့ …
ခဏပဲ … ခဏပဲ စဉ်းစားကြည့်
ပွင့်မယ် မပွင့်ဘူးဆိုပြီး
မရွေးချယ်ခဲ့တဲ့ ပန်းတစ်ပွင့်အတွက်
ဝတ်မှုန်ကူးမယ် မကူးဘူးလို့
လိပ်ပြာတစ်ကောင်က ရွေးချယ်ခွင့်ရှိသလား …
ဘာရလိုက်သလဲ …
မျှော်လင့်နေသေးတယ်ဆိုတာကိုက
တစ်ဖက်လှည့် တောင်းဆိုမှုပဲ …
ဒါပေမယ့်
ဒီနေရာမှာ ရိုးသားမှုပါတယ် …
ပေးသလောက် ဘယ်သူမှ
မတင်းတိမ်တတ်ကြဘူးဆိုတာ
မျှော်လင့်ဖူးတဲ့သူတိုင်းသိတယ် …
ကြာတော့လည်း ရှက်လာပြီ
နောက်ဆုံး … နောက်ဆုံးလို့အော်ပြီး
ကိုယ့်ဘက်ကိုယ် ရွယ်ထားတဲ့
မောင်းကို မဖြုတ်ရဲတာကိုပဲ ရှက်လာပြီ …
ထားလိုက်ပါတော့ …
ဘာလဲ … ပစ်ချထားခိုင်းတာလား …
ဒါမှမဟုတ် .. ယူသွားခိုင်းတာလား …
မဟုတ်ဘူး …
တစ်ခုနဲ့တစ်ခု … လဲထားခိုင်းတာ …
ဟန်မဆောင်ချင်ဘူး …
တစ်ချိန်က ကိုယ်ဟာ ဒီလိုကောင်မျိုးပါလို့
အခုလို အခြေအနေမျိုးမှာ
ဖွင့်ဟပြနေရတာကိုက
ကိုယ့်ရဲ့သတ္တိဟာ ခွန်အားမဲ့နေပြီဆိုတာ
မင်းလည်း သိနေလောက်ပါပြီ …
အချိန်မှန်တာထက်
အချိန်တန်သွားတာပေါ့ …
မစားပဲ ကစားခံလိုက်ရတဲ့
စစ်တုရင်ထဲက ဘုရင်ဟာကိုယ်ပါ …
ပြိုလဲအံ့နီးနီး
ရှိစုမဲ့စု အင်အားတုလေးနဲ့ပဲ
ဖုန်းချလိုက်တာကောင်းပါတယ်လေ …
“လူကြီးမင်းခေါ်ဆိုသော … ဆယ်လူလာဖုန်းမှာ”
“ဗွမ်း” … ။ ။

သက်ထွေး
နိုဝင်ဘာ ၂၄ ၂၀၁၀ ညနေ ၃း၃၈