မနက်ခင်းကို
ပိုလင်းစေချင်တဲ့ စိတ်တစ်ခုထဲနဲ့
ကျွန်တော် မျက်နှာကို စွဲစွဲမြဲမြဲသစ်တယ်။

ထောင့်ကျဉ်းတွေက မှောင်တယ် …
အလင်း”ယောင်”တွေက မှောင်တယ် …
ကဗျာတွေက မှောင်တယ် …
ထပ်ခါထပ်ခါနွှေးလည်း
ယုံကြည်ချက်ဆိုတာ
ပြန်ပြန်အေးသွားတာပါပဲ။

ကျွန်တော် ဘယ်လောက်ထိ
စောင့်နိုင်ဦးမလဲ …
ကျော်သွားရင်
နောက်ပြန်လှည့်ကြည့်ရုံနဲ့
မလုံလောက်ကြောင်း
ထွက်ခွာသွားသူတွေ
သိဖို့တော့ကောင်းတယ်။

မစွမ်းဆောင်နိုင်တော့တဲ့ “ဆု”
တကူးတကပဲ ဆွတ်ယူခဲ့တယ်
ကိုယ့်ကိုယ်ကိုတုန့်ပြန်တဲ့
လက်ခုပ်သံ ..
အဆုံးသတ်မှာ
ကိုယ့်ကို ဆူညံစေတယ်။

တစ်နေ့တခြား
ရှာနေတဲ့ တိုက်ဆိုင်မှုတွေ
ရှားလာတယ် …
ကျွန်တော်ကတော့
သတိရခြင်းများစွာနဲ့
စိတ်လိုလက်ရ ကြယ်တွေ ရေလိုက်
တစ်ခါတစ်လေ ရယ်နေလိုက်ပဲ။ ။

သက်ထွေး
၂၂ နိုဝင်ဘာ ၂၀၁၀ ၁၂း၁၆