ဒါနောက်ဆုံးပါပဲ …
စိတ်ကို
စိတ်နဲ့
လဲခဲ့တယ် …
ဆေးသောက်ရင်
အဖျားပျောက်မယ်ဆိုတဲ့
စိတ္တဇမျိုး
ယောင်လို့တောင်
ငါခေါ်မသွားခဲ့ဘူး …
ဆိုနေဆဲစာသားထဲ
ငါ့လျှာ ခါးခါးလာ
မြတ်နိုးမှုဆိုတာ
ကြာကြာဝါးလေ
အချိုကုန်လေပဲ …
ဘယ်သူတွေ ဘာပြောပြော
တြိဂံတောထဲပဲ
ပြေးခိုလှုံပစ်လိုက်တယ်
သူလိုကိုယ်လိုပေါ့
ငါ့ကို
အံစာလိုခေါက်ကြမှာတော့
ငါ ရွံ့တယ် …
ဒဏ်ရာဆိုတာ
အမှတ်တရကို
တယုတယ
လုယက်ထားတတ်တဲ့အရာ
ဒီလိုနဲ့
ငါ့နေ့ည
အမှတ်တရများခဲ့ …
ဒါနောက်ဆုံးပါပဲ …
ငါ့ကိုပြန်ရွတ်နေတဲ့
ကဗျာတွေကြားက
ငါထွက်ကာသွားတော့မယ် ..
လမ်းတွေနဲ့ဖိနပ်တွေကြား
ခရီးသွားဆိုတဲ့ ငါနာမ်စားအဖြစ်ပေါ့ .. ။ ။
သက်ထွေး
၂၅.ဇူလိုင်.၂ဝ၁ဝ ညနေ ၃း၁၇