အေးအေးဆေးဆေးပါပဲ ..

ကမ္ဘာကြီး ဖျားနေတာ
ကျွန်တော်ကြားပါတယ်။

ဖျော့ထား …
စိတ်ကို ဖျော့ထား …
အရောင်တွေကို ဖျော့ထား …
တောက်ပခြင်းဟာ ပူလောင်ခြင်းပဲ။

ခဲသား မကောင်းတဲ့အခါ
ချွန်စက်ကို အားနာ …
ခဲဖျက်ကို အားနာ …
စာရွက်ကို အားနာ …
စိတ်နဲ့အခါခါချရေး
ဝလုံးဝိုင်းဝိုင်းစက်စက်လေး။

“ဘ၀” နဲ့ “ဗီဇ”
အစီအစဉ်ကျချင်မှကျမယ်
“ချစ်ခြင်းမေတ္တာ” နဲ့ “သစ္စာတရား”
လက်ဖမိုးကြားက လွတ်ထွက်သွား …
ဝိုင်းတား …
ဝိုင်းတား …
တော်ကြာ … ကဗျာဆရာတွေများလာမယ်။

ခဏခဏ ဆက်ပါ ..
နံပါတ် မှန်မှန် မှားမှား ..
လိုင်း အားအား မအားအား ..
တစ်ဘက်က ကြားကြား မကြားကြား ..
ယူသလောက်ပဲ ပြန်ပေးတတ်တာ
အနုပညာမဆန်ဘူး။

အေးအေးဆေးဆေးပါပဲ ..

ကမ္ဘာကြီး ဖျားနေတာ
ကျွန်တော်ကြားပါတယ်။

သက်ထွေး
နိုဝင်ဘာ ၃ ရက် ၂၀၁၀ နေ့လည် ၃း၂၇