လမ်းခွဲမှန်းသာ
သိခဲ့ရင်
လမ်းလွှဲပြီးသွားတယ်။

မှောင်တစ်ဝက်
လင်းတစ်ဝက်
နိုးတစ်ဝက်
အိပ်တစ်ဝက်
ဖြတ်သန်းခဲ့
ဘူတာ
တစ်ဝက်တစ်ပျက်တွေ။

ဥသြသံနဲ့ မနက်
ကြာပွတ်တွေလို
ရိုက်နှက် …
ထရပ်တဲ့ဘက်မှ
နေကမထွက်ရင်
ကိုယ့်အရိပ်နဲ့ ကိုယ်
ဘယ်လို
ခရီး ဆက်မလဲ။

လမ်းတွေက
မူယာမာယာများ …
တံလျှပ်ကို
ရေထင်အောင်
ပြုစားကြတယ်။

အစိမ်းရောင်
စက္ကူတွေ
မကြာမကြာ
လာလာမြှူတယ်
ဂျိုကာတစ်ယောက်ရဲ့
အပြုံး …
ဘယ်လောက်များ
ဖြူစင်နိုင်ဦးမလဲ။

ဆွဲငင်အားကို
ပြန်မျှားနေကြတဲ့
ငှက်များ
ဆွဲငင်အား အနား
တစ်ခါပြန်နား …
ခေတ်ကိုမြန်စေခဲ့တဲ့
ကမ္ဘာကြီး
အခုတော့လည်း
သူမဟုတ်သလို
လည်နေတာအကြာကြီးပဲ။  ။

သက်ထွေး
အောက်တိုဘာ ၄ရက် ၂၀၁၀ ညနေ ၄း၁၆