ဝန်ခံပါကွယ်
ပုခုံးချင်းထိခဲ့ကြတာထက်တော့
ငါတို့ပိုပါတယ်။

လာမခေါ်လည်း
မျှော်နေရတာကိုပဲ
ငါပျော်ပါတယ်
စည်းမခြားထားလည်း
နေရာဟာ .. နေရာပါပဲ
ငါနားလည်ရမှာပေါ့ကွယ်။

မင်းမေ့ဖို့ ကြိုးစားခဲ့တဲ့
ငါ့ကို
ငါလည်း
မေ့ဖို့ကြိုးစားတယ်
ဆရာတာရာမင်းဝေ
ပြောသလိုပ
မင်းဟာ ဘယ်တော့မှ
တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

ထိုးလက်စ
ကျားကွက်ကို
တစ်ယောက်ထဲ
ရွှေ့ဖို့ဖြစ်လာတဲ့အခါ
ဘယ်လက်ကို
အနိုင်ပေးရမှန်း
ငါမသိတော့တာလေးတစ်ခုပါပဲ။

အချစ်ဆိုတဲ့
ဆက်သွယ်ရေးကြိုးမျှင်တွေက
ဒီလိုပဲ  လိုင်းပူးလို့ လွယ်လား
ငါတို့ခေါ်သံ
ငါတို့ထံ
ပဲ့တင်ပြန်ထပ်
ဘယ်လိုနတ်ဆိုး
ငါတို့
ချစ်ခြင်းကို
ကြားဖြတ်လို့
ခိုးလဲ။

ပန်းတစ်ပွင့်ရဲ့
ပျော်ရွှင်မှုက
တစ်ဦးတစ်ယောက်ရဲ့
ပန်ဆင်မှုထက်မှာလား
ဥယျာဉ်မှုးလက်မှာလား
မမေးဖြစ်ခဲ့တဲ့မေးခွန်း
အခု
ငါမေးစမ်းပါရစေကွယ်။

ဖိနပ်ကြိုး
ပြေသလိုမျိုးတော့
ငါတို့အချစ်ကြိုးတွေကို
လိုသလို
ပြန်ချည်လို့မရတော့ပေဘူး
ငါမေးရင်
မင်းထူး
မင်းခေါ်တော့
ငါပြော
ငါတို့ဟာ
အရင်းနှီးဆုံး
တစိမ်းတရံများပေါ့ကွယ်။

နယ်မြေသစ်မှာ
မင်းသီးခြား
အလံ
မင်း စိုက်ထူနိုင်ပါတယ်
ငါတိုက်မယူဘဲ
မင်းပစ်မူခဲ့တဲ့
နယ်မြေဟောင်းမှာလည်း
တစ်ခြမ်းပဲ့အလံလေး
ခပ်သေးသေးကို
ငါကိုယ်တိုင်ပဲ
လွှင့်ထူလို့ထားတယ်
ကိုယ်ယုံကြည်ရာသာ
ငါတို့
အလေးပြုကြတာပေါ့ကွယ်။

သက်ထွေး
စက်တင်ဘာ ၂၇ ရက် ၂၀၁၀ နေ့လည် ၁၂း၄၁