“သို့ …. မိုးခါးရေသောက်သူများ (၂)” ကဗျာက ကျွန်တော့်အတွက် ထွေထွေထူးထူးပြောပြစရာ ကဗျာတစ်ပုဒ်တော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဖြစ်စဉ်တွေအပေါ် သရော်ချင်မှုက အမှတ်စဉ်(၁) နဲ့အားမရနိုင်တဲ့အခါ အမှတ်စဉ်(၂) သို့ကူးစက် ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။ အသုံးများသော မြန်မာစကားပုံများအား ထည့်သွင်းအသုံးပြုကာ အမှတ်စဉ်(၂) ကိုပုံဖေါ်ထားပါတယ်။ စကားပုံများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် တွဲဖက်ပြီးခံစားလျှင် ပိုပြီးရသမြောက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
————————————————————————

 

ကိုယ့်အရိပ်က
ကိုယ့်ကို
နောက်ကွယ်က
ငဲ့စောင်းကြည့်နေ
ကျောမချလည်း
ဓါးပြမှန်းသိခဲ့ပြီ။

ဒူးကိုယုံချင်ပေမဲ့
လမ်းတွေကို မယုံချင်ဘူး
ဖောင်စီးရင်း
ရေငတ်လာတယ်။

ယုန်ထောင်ရင်
ယုန်ပဲမိစေချင်တယ်
ကျားကြီးတော့
ခြေရာလည်းကြီးတယ်။

ထိုင်နေတော့လည်း အကောင်း
ထသွားတော့လည်း အကောင်း
ရောင်းချင်မှ
ဟောင်းမှန်းသိ
ပျက်လျင်အစဉ်
ပြင်မရတော့။

ဒီပုတ်ထဲက
ဒီပဲဖြစ်လည်း
အရီးတော်
ဖေါ်ရွေချင်နေမိ
ဝမရှိပဲ
ဝိလုပ်ချင်သူထက်တော့
သာမည်ထင်သည်။

လက်ပေးလည်း
မသင်ကြပါနဲ့
ကောင်းစားလည်း
တစ်မွန်းတည့်ပါပဲ
ထိုးမယ့်ဆင်လို
နောက်တစ်လှမ်းဆုတ်ပြီးပဲ
ဟန်ကိုယ့်လို့နေတော့မယ်။ ။

သက်ထွေး
စက်တင်ဘာ ၁၄ရက် ၂၀၁၀ ည ၆း၂၀

——————————————————–

အသုံးပြုထားသော မြန်မာစကားပုံများ

ကျောချမှ ဓားပြမှန်းသိ
ကိုယ်ကကျူး၊ ကိုယ့်ဒူးမှ မယုံရ
ဖောင်စီးရင်း ရေငတ်
ယုန်ထောင်၊ ကြောင်မိ
ကျားကြီးသော် ခြေရာကြီးသည်
ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ
ပျက်လျှင်အစဉ် ပြင်လျှင်ခဏ
ဒီပုတ်ထဲက ဒီပဲသာဖြစ်မည်
ဘူးသီးမှ အရီးတော်သည်
ဝမရှိဘဲ ၀ိလုပ်သည်
ခွေးအိုကြီး လက်ပေးသင်
ခွေးရူးကောင်းစား တစ်မွန်းတည့်
ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်သည်
ဟန်ကိုယ်ဖို့၊ မာန်သူ့ဖို့