နောက်ဆုံးရထားကို ပိတ်လိုက်ပြီ
ဒီဆောင်းမအေးတာကို မေ့လိုက်ပြီ
အစွဲအလမ်း တလမ်းမောင်းပေါ်က
ရွေ့လျား နှုတ်ခမ်းပါးလေးကို ငေးကြည့်
တစ်မြို့ထဲ နှဖူးပေါ်ဝဲကျနေတဲ့ ခေါင်းစဉ်နဲ့
နှလုံးသား အနွေးဓာတ်လေးက လင်းလို့
တိမ်တွေဟာအရင်လို ပြာချည်းမနေတော့ဘူး ။ ။

သက်ထွေး
၁၄ ဇန်နဝါရီ ၂၀၁၇

ညို့တက်နေတဲ့ မိုးသားထဲ
ရနံ့ဟောင်းကို တည်ပြီးနှုတ်တော့
အလွမ်းကြွင်းတယ်
ဝဋ်ဒုက္ခကို အချိန်ဆွဲထားလို့ ရလား
မပြောဖြစ်သေးတဲ့ စကားတွေက
ရှင်သန်နေခြင်းရဲ့ အဓိကသက်သေတွေ
သတိရစိတ်က ငါ့ကို ရယ်ပြီး
ကုန်ဆုံးသွားတဲ့ ပျော်ရွှင်မှုကို ငါကရယ်တယ်
လူပြတ်လွန်းတဲ့စိတ်ထဲ ကမ္ဘာကြီးကကျဉ်းလွန်းတယ်
ချစ်ခြင်းနဲ့ မေတ္တာ ဘယ်သူအရင်ဝင်လာလဲ
ဆယ်စုနှစ်တစ်ခုစာ လုံးချေထားတဲ့ ဆွံ့အမှုနဲ့
မင်းနာမည်ကို ငါရေးကြည့်တယ်
သေခြင်းတရားမှာ အကွာအဝေးလိုလား
လေယာဉ်ပျံတွေကြီး ငါ့စိတ်ထဲ ဝဲနေတယ်
ငြိမ်သက်မှုတွေ လွင့်စဉ်လာတိုင်း
လေချွန်သံတွေ အစိမ်းလိုက် ငါလွှတ်ချမိပြန်ပေါ့
မေ့ထားတဲ့ မှတ်ဥာဏ်မှာ
ဒီ့ထက် ပူတဲ့နေ့တွေရှိဦးမယ်
အသက်အောင့်ပြီး ဆယ်ချက်ရိုက်ခဲ့ပေမဲ့
ပျော်ရွှင်မှုဟာ မင်းကို အဝေးကြီးခေါ်သွားတယ်။

သက်ထွေး
၉ စက်တင်ဘာ ၂၀၁၆

စိတ္တဇ (၁)

မိုးကလင်းနေပေမယ့်
စိတ်ကမလင်းသေးဘူး
ဖန်ခွက်ထဲ ငါ့ကိုယ်ငါလောင်းထဲ့တာ
မင်းနာမည်တွေလျှံကျလာတယ်။ ။

၁၇ ဒီဇင်ဘာ ၂၀၁၄

စိတ္တဇ (၂)

အချိန်တန်ရင်အားလုံး
အိမ်ပြန်ကြရမှာပဲ
ချယ်ရီတွေ ပွင့်ပြီလား
ဆောင်းတွင်း အေးပြီလား
ငါနဲ့မင်း တက်တိုက်ရမဲ့ စစ်ပွဲများ
ငါတစ်နေကုန် ထိုင်ကြည့်နေတာ။ ။

၁၈ ဒီဇင်ဘာ ၂၀၁၄

စိတ္တဇ (၃)

တနေ့နေ့တော့
နောက်ခံတီးလုံးတွေ ထည့်ဖြစ်ဦးမှာပါ
လှမ်းနေဆဲ ငါ့စိတ်ကူးလေး
ဘေးနားတိုးလိုက်ရတဲ့အခါ
ဒါမှမဟုတ်
ဖုန်းခွက်ထဲ မင်းဝင်သက်လေး
ယောင်ယမ်းစမ်းမိတဲ့အခါ
သုံးဆယ်တစ်ဘုံလုံးကို အော်ဆဲပြီး
လေးလေးပင်ပင် ရယ်ရတာ
တေးသရုပ်ဖေါ် ဇာတ်ဝင်ခန်းနဲ့တော့
မတူဘူးပေါ့
တနေ့နေ့တော့
နောက်ခံတီးလုံးတွေ ထည့်ဖြစ်ဦးမှာပါ ။ ။

၉ရက် ဇန်နဝါရီ ၂၀၁၅

စိတ္တဇ (၄)

ငါမသိတဲ့ ပဟေဠိတွေချည်း
ငါဝယ်ခဲ့တယ်
ငါ့ရှင်သန်မှု မင်းမမြင်တော့ရင်
ငါ့နာဖျားမှု မင်းမကြားတော့ရင်
သတိရစိတ်ဆီ ဖုန်းခေါ်လိုက်တိုင်း
ဆက်ရက်တစ်ကောင်ပဲ
နိစ္စဓူဝ ဖုန်းလာကိုင်တော့ရင် ။ ။

၁၄ ဇန်နဝါရီ ၂၀၁၅

စိတ္တဇ (၅)

ငါဟာ အရယ်သန်တဲ့
ကဗျာဆရာတစ်ယောက် ဖြစ်တယ်
ငါ့သတိရစိတ်တွေ
မိုးလင်းပေါက်ဘုံဆိုင်တစ်ခု ဖြစ်လာတော့ ငါရယ်၊
ငါ့ခြေလှမ်းတွေ
နယူးယောက်မြို့ကြီး ဖြစ်မလာနိုင်တော့ ငါရယ်၊
မင်းကျောပြင်ဟာ
အခြားလူတစ်ယောက်ရဲ့ ဘာသာစကားဖြစ်သွားတော့လည်း ငါရယ်၊
မင်းလက်သကြွယ်မှာ
ငါ့ရင်ကိုဖြတ်မဲ့ စိန်ပွင့်လေးတွေလက်နေတော့လည်း ငါရယ်၊
အဲ့ဒီ့ငါ့ရယ်သံတွေဟာ ဟာသတွေမလို
အဲ့ဒီ့ငါ့ရယ်သံတွေဟာ ကမ္ဘာကြီးအကူအညီမလို
နာလန်ထူခါစ နံရိုးတစ်ချောင်း
ဝိုင်တစ်ခွက်နဲ့ အနွေးဓာတ်လိုသလို မင်းကိုငါလိုတဲ့အခါ ငါရယ်ခဲ့
မျက်နှာလွှဲသွားတဲ့ မြင်နေကြားနေကြ နူးညံ့မှုတွေနဲ့
ကျင့်သားမရသေးပေမဲ့လည်း
ငါရယ်ဆဲ ။ ။

၂၉ရက် ဇန်နဝါရီ ၂၀၁၅

စိတ္တဇ (၆)

စာအိတ်ကို ဖွင့်ဖောက်ပါ
ကော်ဖီခွက်ကို ကျော်သွားပါ
နောက် …
မသွင်းရသေးတဲ့ တိတ်ခွေမှာ
ဒရာမာလို့ တပ်ပါ
ခင်ဗျား ပျော်ပါစေ
ကျွန်တော်လည်း ပျော်ပါစေ။ ။

မေ ၉ ၂၀၁၅ မနက် ၁၂း၃၈

စိတ္တဇ (၇)

လေကြမ်းတွေ မတိုက်ဘူး
ပန်းအိုးလည်း မကွဲဘူး
ပျင်းရိစွာ ကွေးလေ့ရှိတဲ့
မျက်ခုံးထူထူပေါ်
လိပ်ပြာလေးတော့ လာလာနားသတဲ့
အာရုံပါပဲ။ ။

ဇူလိုင် ၇ရက် ၂၀၁၅

စိတ္တဇ (၈)

နပ်မှန်ဖူးတဲ့ ငရဲကို မေ့ပြီ
ထိုးရပ်သွားတဲ့ အသက်ရှုသံကို မေ့ပြီ
လမ်းမကြုံတော့တဲ့ ထမင်းလုံးတစ္ဆေကို မေ့ပြီ
ဓာတ်ပုံထဲကအတိုင်းသာ ပြုံးနေပါ
တိုက်ဆိုင်မှုဆိုတာ အက်တွန်တစ်ခုသာ ။ ။

နို ဝင်ဘာ ၁၉ ၂၀၁၅

စိတ္တဇ ( ၉ )

မျဉ်းကြားက ကူးပါတယ်
ရေမွှေးတွေဟာ အကုန်ခေါင်းကိုက်စရာတွေချည်းပဲ
သံမှိုစွဲ ပြတင်းတံခါးဟာ ငြိမ်မြဲငြိမ်နေ
သစ်ရွက်တွေကို လှုပ်ယူရတယ်။ ။

၂၉ မတ်လ ၂၀၁၆

စိတ္တဇ ( ၁၀ )

သတိရခြင်းလို့ဆိုလိုက်တာနဲ့
ကိုယ်ဟာ အဝေးကြီးရောက်သွားတယ်
ကမ္ဘာကြီးမှာ
ဒီ့ထက် ပူတဲ့နေ့တွေရှိမယ် ..
ကွက်ကျားမိုးနဲ့ သက်တံ့သေတွေ မြင်မိမှ
ဘုရားသခင် ဖန်တီးမှုကို ပြန်လည်သတိရ
ကံကြမ္မာကို ဆဲရပြန်တယ်။ ။

မေ ၃၁ ၂၀၁၆

ကိုင်ထားတဲ့ အံစာကို ချလိုက်ပါ
ကျွန်တော် အဆင်ပြေပါတယ်
ဖတ်လက်စ စာအုပ်တစ်အုပ်မှာ
ဘုရားသခင်ကို ကျွန်တော်ရှာမတွေ့ပါ
ခင်ဗျား လက်သည်းတွေနဲ့
ကုတ်ခြစ်တာကို မရပ်နိုင်သရွေ့တော့
ကြောင်လေး အဖြစ်နဲ့ ထားရမှာပဲ
ကျွန်တော့်ကို ချစ်ပါ
ကော်ဖီခွက်ထဲ ကျဉ်ဆံတစ်တောင့်
ပြုတ်ကျလာသလိုပေါ့
ကိုယ့်ကိုယ်ကိုခင်တွယ်လွန်းလို့
ကိုယ့်ကိုယ်ကို ပြန်ကူးယူထားတယ်
ဖိုက်တင်ခန်းမတိုင်ခင် အထိတော့
အားလုံးဟာ မင်းသားပဲ
ရှပ်အင်္ကျီထဲ ဟာသတွေ ထည့်ထားတယ်
ကျွန်တော့် ပုဆိုးက
ကမ္ဘာကြီးလောက်ထိတာ့ မလုံဘူး
ခင်ဗျားကတော့ ရယ်မှာပဲ
လူ့တန်ဖိုးဆိုတာ ဘယ်လိုမေ့လျော့မှုမျိုးလဲ
ပျင်းရိမှုကို မကြာခဏ ထုတ်ကြည့်ရတယ်
ဆေးလိပ်မှာ အရသာမလိုဘူး
ဖီလင်မှာ အရသာလိုတယ်
ဘယ်သူ့မှ ကိုယ့်ကိုယ်ကို
သေချာ ပြန်မမြည်းကြည့်ဘူးဖူး
ညီညာတဲ့ သွားတွေဟာ
လျှို့ဝှက်နိုင်လွန်းစွ
မျက်မှောင်ကျုံ့တာ မောတဲ့နေ့များ
ခင်ဗျားကတော့ ရယ်မှာပဲ
သတ်ကွင်းထဲ တံတွေးမျိုချတာ့ကော ဘာထူးဦးမလဲ
ဘုရားသခင် ခင်ဗျား
ကျွန်တော်ဝဋ်ခြေခဲ့ပါတယ်
ဝတ်တော့ မကျေခဲ့ပါဘူး ။ ။

သက်ထွေး
ဇူလိုင် ၁၆ ၂၀၁၅

စာကြွင်း။ ။ အန်စာ = အန်ထားတဲ့စာ ၊ အံစာ = အံစာတုံး

ငါတို့ ဆက်ပြောဖြစ်ကြဦးမယ်
နေဝင်ချိန်ခြင်းမတူပေမဲ့
တစ်လမ်းထဲလျှောက်ဖြစ်နေဆဲ အကြောင်းတွေ
ငါတို့ ဆက်ပြောဖြစ်ကြဦးမယ်
ပုခုံးတစ်ဖက်ကို မမှီနိုင်တဲ့ လက်တွေနဲ့
တစ်ဝက်တစ်ပျက် ဖျားလျက် အိပ်မက်တွေ
ဘယ်သူ ယုံမှာလဲ
တိုက်ဆိုင်မှုဆိုတာ
ငါတို့အသဲအသန်ရှာဖွေနေတဲ့ ရှင်သန်မှုလို့
လှောင်အိမ်ထဲ
စက်သပ်ထားတဲ့ ချစ်ခြင်းမေတ္တာကို
ငါတို့ တွန်းထုတ်ခဲ့ပြီးတဲ့နောက်
ဆုတောင်းတွေမေ့ပစ်ခဲ့တဲ့ ကမ္ဘာကြီးကို
ငါတို့ မေ့လိုက်ြပီ
ပြန်ဆိုတေးတွေဖန်ဆင်းမပေးနိုင်တဲ့ ဝိုင်တစ်ခွက်ကိုလည်း
ငါတို့ မေ့လိုက်ပြီ
လူနှစ်ဦး နာဖျားမှုမှာ
အစွန်းအထင်းခံ အနွေးဓာတ်တစ်ခု မလိုအပ်ဘူးလား
ငါတို့ မြို့တစ်မြို့ကိုသွားကြမယ်
တဒင်္ဂပဲဖြစ်ဖြစ်
တနင်္လာမြန်မြန်ရောက်တဲ့
ရထားတစ်စင်းကို ငါတို့ စောင့်စီးမယ်
တဒင်္ဂပဲဖြစ်ဖြစ်
အကယ်၍ဆိုတဲ့
ပျံသန်းမှုနဲ့ ငါတို့ စမြုံ့ပြန်မယ်
ငါတို့ကဗျာတွေက
ငါတို့နှစ်ယောက်ရဲ့ စွန့်စားခန်းတွေပဲ
အေမႊးပြ ကုတ္အက်ီၤတစ္ထည္က
ငါတို့ ဆာလောင်မှုကို ကောင်းစွာမလည်ပတ်နိုင်
ပြာနှမ်းနေတဲ့ နှုတ်ခမ်းတစ်စုံ မဖြစ်နိုင်တဲ့အခါ
လောင်ကျွမ်းနေတဲ့ မီးခိုးငွေ့တွေသာ ငါတို့ ဖြစ်လိုက်ကြယုံ
ငါတို့ ဆက်ပြောဖြစ်ကြဦးမယ်
ငါတို့ ကမ္ဘာကြီးကို မေ့လိုက်ဖို့
ငါတို့ ဆက်ပြောဖြစ်ကြဦးမယ်
ကမ္ဘာကြီးက ငါတို့ဆုတောင်းတွေကို မေ့လိုက်လို့ ။ ။ 

သက်ထွေး
၁၇ နိုဝင်ဘာ ၂၀၁၄

ငါ့နေက မင်းဘက်က အစောကြီးထွက်တယ်
ငါ့မျက်လုံးဆုံးတဲ့အထိ ငါ့စိတ်က မဆုံးသေးဘူး
မင်းပြန်တင်ပေးချင်တဲ့ကြယ်ဟာ ငါ့ချည်တိုင်မှာ
အကြွင်းမဲ့ပျော်ရွှင်မှုနဲ့ ဘယ်သူကြုံဖူးသလဲ
အိမ်ပြင်ကို တစ်ညလုံး ငါထွက်ကြည့်ဖြစ်တယ်
ဆယ်စုနှစ်တစ်စုရဲ့ နောက်ကြည့်မှန်ထဲ
ဂန္တ၀င်တေးသွားတွေ သယ်လာတဲ့ ငါ့ကို တွေ့တယ်
စက္ကူလေယဉ်ပျံလေးတစ်စင်း ပြင်ထားတဲ့ မင်းကို တွေ့တယ်
တစ်ကြွင်းတဲ့ တနင်္ဂနွေတွေထဲ
မင်းနဖူးပေါ်က စံပယ်ပွင့်လေး ဘယ်သူတွန်းရွှေ့ခဲ့သလဲ
မင်းအသက်ရှုသံပေါ်က ဆွဲကြိုးလေး ဘယ်သူတတ်ပေးခဲ့သလဲ
ငါအံ့အားသင့်ရ
မင်းနှုတ်ခမ်းလေး တင်းစေ့ထားတာ
ငါ့အထီးကျန်မှုပဲဆိုတာ ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါရုပ်ရှင်ရုံထဲ ဝင်ထိုင်မိတဲ့အခါ
ကြိမ်ဖန်များစွာငေးကြည့်ဖူးတဲ့
ရယ်သံတစ်ခုကို ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါ့ကိုယ်စား
ပိတ်မိနေတဲ့ နေသားကျလွန်ကဲမှုအပေါ်
ယတိပြတ်သံသယရှိဖို့ မင်းစိတ်ကူးခဲ့စဉ် ငါရှိခဲ့တယ်
ငါ့ကိုယ်စား
ရုပ်ပြန်ဖျက်ထားတဲ့ အရှိန်သေနာကျင်မှုအပေါ်
မိုင်ကုန်မောင်းနှင်ဖို့ မင်းငြင်းပယ်နေစဉ်မှာလဲ ငါရှိနေဆဲ
ငါတို့နှစ်ယောက်ဟာ အတ္တကြီးစွာ အသံတွေ ဖူးပွင့်မယ့်နေ့ကို စောင့်နေတယ်
ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေပဲ
လက်ခံထားလိုက်တဲ့ သံယောဇဉ်ဆိုတာ
မအောင်မြင်ခဲ့တဲ့ ပြက်လုံးတွေဖြစ်ကြောင်း
ငါတို့ပဲ သိတယ်
ပုခုံးပေါ် ကျော်ကျော်ကြည့်ဖူးတဲ့
ထက်ဝက်ပျက် နှုတ်ဆက်မှုတွေကို
ငါဘယ်လို လှမ်းခေါ်ရဦးမလဲ
ပက်လက်ကုလားထိုင်တစ်လုံးပေါ်က
အပျော်တမ်း မီးခိုးငွေ့တွေကို
မင်းလည်း ငါ့လိုဆို ခံတွင်းပျက်မိမှာပဲ ။ ။

သက်ထွေး
၂၆ စက်တင်ဘာ ၂၀၁၄

ကိုယ်စကားနည်းတဲ့နေ့တွေမှာ
ဖိနပ်စင်လေးဆီရောက်သွားတယ်
ဖိနပ်စင်လေးက ကိုယ့်ကိုမကြည့်ဘူး
ကိုယ်သူ့အတွက် ဖိနပ်တစ်ရံတောင်မှ
ပါမလာတာကိုလည်း သူဂရုစိုက်ဟန်မရှိဘူး
ကိုယ်က သူ့ဘေးမှာ ငုတ်တုတ်
တစ်ခါတစ်လေ ကိုယ်သူ့ကိုမှီထားတယ်
ကိုယ် သူ့ဆီက စာအုပ်တစ်အုပ်
ယူဖတ်လို့ မရဘူး
ကိုယ် သူ့ဆီက အအေးတစ်ပုလင်း
ထုတ်သောက်လို့ မရဘူး
ဒါပေမယ့် ကိုယ်မှီထားတယ်
“ကမ္ဘာကြီးဟာဒီ့ထက်ပိုပြီး အတိမ်းအစောင်းမခံတော့ဘူး” ကဗျာကို
အဲ့လိုပဲ သူ့ကို မှီထားရင်း ကိုယ်ရေးခဲ့တယ်
တစ်နေ့က ကိုယ့်ထီးဂေါက်လေးနဲ့
သူ့ကို မိတ်ဆက်ပေးတယ်
သူ့ရင်ဝဆီးနင်းထားကြတဲ့ ဖိနပ်တွေထက်
သူ့ပုခုံးလေး မှီထားချင်တဲ့ သူတစ်ယောက် သူ့ဆီတိုးစေချင်တယ်
သူကတော့ အရင်လိုပဲ
ကိုယ့်ကို ပြန်မကြည့်ဘူး
ကိုယ်သူ့အနား ဝင်ထိုင်တယ်
ဆက်ရက်တွေ တစ်ကောင်နှစ်ကောင်ရေတယ်
ကောင်မလေးတစ်ယောက်ဆီ ဖုန်းခေါ်တယ်
ဖြတ်သွားဖြတ်လာ ခြေသံတွေကို နားထောင်တယ်
ကိုယ်ကြိုက်တာတစ်ခုက
သူက ကိုယ်ဆေးလိပ်ငွေ့နဲ့
သက်ပြင်းတွေရောလွှတ်မိတဲ့အခါ
ကိုယ့်ဘက်လှည့်ပြီး
ချောင်းတစ်ချက် မဟန့်တာပဲ
ဒီလိုနဲ့ ကိုယ်သူ့နား
မနက်ခင်းသတင်းစာ စောင့်ယူတတ်လာတယ်
ညနေခင်းအိမ်အပြန် စိုးရိမ်တတ်လာတယ်
ဟက်ဟက်ပက်ပက်ရယ်သံ အောက်မေ့တတ်လာတယ်
သူကတော့ အရင်လိုပဲ
ကိုယ့်ကို ပြန်မကြည့်ဘူး
ကိုယ်က နေကာမျက်မှန်တစ်လက်ရဲ့ အလင်းလက်ဆုံးနေ့တစ်နေ့အကြောင်းနဲ့
ဘက်ထရီကားလေးတစ်စီးရဲ့ အဝေးဆုံးခရီးတွေအကြောင်း ပြောတယ်
သူကတော့ အရင်လိုပဲ
ကိုယ့်ကို ပြန်မကြည့်ဘူး
ကိုယ့်ထီးဂေါက်လေးက အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်ချင်တယ်တဲ့
ကိုယ်ကတော့ သူ့ကိုဆက်မှီထားတယ်
ကိုယ် ကိုယ့်ကိုယ်ကို ရှာနေတယ်
သူ သူ့ကိုယ်သူ တွေ့ထားတယ်
ဒီပုံအတိုင်းဆို
ကိုယ့်အိပ်မက်ထဲ
မိုးတွေရွာဦးမယ် ။ ။

သက်ထွေး
၂၂ရက် ဧပြီ ၂၀၁၄ ညနေ ၅း၅၀

ဘဝဟာတိုလာ
မြင်ဖူးတဲ့ည
မြင်နေတဲ့ည
မြင်နေဆဲည
ပစ်မှတ်မရှိ
ပစ်ခတ်နေတာတွေပဲရှိ
အပေါစား ရုပ်ရှင်တွေကြည့်
အခန့်သား စကားတွေပြော
ထိခိုက်ရှနာမှုဟာ
လွယ်လွယ်လေး ဝင်လာ
လွယ်လွယ်လေး ထွက်သွား
ခံနိုင်ရည်ဟာ
ဘယ်နှစ်ခါ သေနိုင်
ဘယ်နှစ်ကြိမ် ရှင်နိုင်
နောင်မှသိခဲ့
နောက်ထပ်မသိသေး
နေစရာဟာ နေရာမဟုတ်
ခြေလှမ်းဟာ ခြေထောက်မဟုတ်
လောင်စာဟာ မီးတောက်မဟုတ်
နွေဦးပေါက်နဲ့ တွေ့ဆုံရန်ရှိ
ဖိတ်စာတစ်စောင် ရောက်လာရန်ရှိ
အိပ်မက်တစ်တို့စွဲ
သက်ပြင်းတစ်လိပ်ဖွာ
တစ်နေရာထဲကိုကြည့်
ဖုန်းကောလ်တစ်ကောလ်ခေါ်
ကိတ်မုန့်တစ်လုံးလှီး
ခပ်လှမ်းလှမ်းကလက်ခုပ်တီး ။ ။

သက်ထွေး
၃၁ အောက်တိုဘာ နေ့လည် ၃း၄၆

ဒီပွဲမှာ ငါရှုံးတယ်
ငါ့ကိုငါ မိမိရရချုံ့ကြည့်တဲ့အခါ
တစ်သက်လုံး သေဖေါ်ညှိမရတဲ့စိတ်က
ရယ်သံမောသံတွေ ထုတ်ချင်းပေါက်တဲ့အထိ
ငါ့ဘေးမှာ တိုက်ပွဲဝင်နေတာ ငါတွေ့တယ်
ဒါပေမဲ့ ဒီပွဲမှာ ငါရှုံးပါတယ်
ငါပြောခဲ့သားပဲ
စစ်ပဲဖြစ်ဖြစ် စိတ်ပဲဖြစ်ဖြစ်
အဖျားဓာတ်လိုအပ်နေတဲ့ သမာဓိမှာ
မိုးရေငတ်သူဟာ အရှုံးပဲ
မိပြီလို့ ထင်ရတဲ့
ဝတ်ကျေတန်းကျေ အင်အားကို
ငါမြဲနေအောင် ကိုင်ထားတယ်
ကျိတ်ပြီး ကျိန်ဆဲနေမိတဲ့
ဖုံးမရဖိမရ စာနာမှုကိုတော့
ငါဖြတ်ပစ်မလား စိတ်ကူးတယ်
ထိခိုက်ရှနာမှုထက်
မှေးမှိန်လွင့်ပါးမှုကိုများ
ငါ ပိုကြောက်နေမိသလား
ငါ့ ဦးခေါင်းထဲ ယိုစီးနေတဲ့
လူ့တန်ဖိုးဆိုတာ
ချိန်ကိုက်ဗုံးတော့
မဟုတ်တန်ရာ
ဒီပွဲမှာ ငါရှုံးပါတယ်
ငါပြောခဲ့သားပဲ
ပြုခဲ့ဖူးတဲ့ သစ္စာအပေါ်
ခဏတဖြုတ်တင်လာတဲ့
မေ့စရာ မောစရာတွေကို
ငါမူးမူးနဲ့ ပေးဝင်လိုက်တာကိုက
ငါရှုံးတယ်။ ။

သက်ထွေး
၃၀ ဧပြီ ၂၀၁၃ နေ့လည် ၃း၀၃

ဒီကဗျာက မခိုင်စိုးလင်း ဦးစီးထုတ်လုပ်တဲ့ ရောင်စုံစက္ကူ ebook အတွက်ရေးပေးခဲ့တဲ့ ကဗျာဖြစ်ပါတယ်။  အဲ့ဒီ့စာအုပ်အတွက် ပိုက်ဆံဆိုတဲ့ theme ကို ကျွန်တော်ရွေးချယ်ပေးခဲ့တာမို့ ကျွန်တော်ရေးပေးရမဲ့ ကဗျာအတွက် အများကြီးပြင်ဆင်ခဲ့ပါတယ်။ ပိုက်ဆံဆိုတဲ့ theme ဟာ တစ်ကယ်တော့ ရိုးရိုးလေးပါပဲ။ နေ့စဉ် ကျွန်တော်တို့နဲ့ အထိတွေ့အများဆုံး အရာတစ်ခုအတွက် ကျွန်တော်တို့ဆီမှာ ပြောပြစရာက အဲ့လောက်မရှားပါဘူး။ ဒါပေမဲ့ ခက်တာက ရိုးဂုဏ်ရှိတဲ့ အရာတစ်ခုကို သူ့ပကတိအတိုင်း အဆန်းတဝင် ဘယ်လိုချပြနိုင်သလဲဆိုတဲ့ အချက်ပါပဲ။ Story Line တစ်ခုထက် Abstract အသားပေးရေးမယ်လို့ အစောကြီးထဲက စိတ်ကူးခဲ့ပေမဲ့ တစ်ကယ်တမ်းရေးတဲ့အခါကျ Realism ဘက်ပါသွားနွယ်ဖြစ်ခဲ့ပြီး နောက်ဆုံး Abstract Realism တစ်ခုဖြစ်လာပါတယ်။ ဒီကဗျာအမျိုးအစားမျိုးကို ဆရာနေမျိုး အများဆုံးရေးလေ့ရှိပါတယ် (ကြောင်, ဥာဏ်ပညာထက်မြက်တဲ့မြို့, နွားပြာကြီးကြောင်းဖွဲ့ ခေတ်ပေါ်ကဗျာ) စသည်ဖြင့်ပေါ့။ ဒီကဗျာမှာ ငါးကို ဇာတ်ကောင်အဖြစ်ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒီ့အချိန်အခိုက်အတန့်မှာ ကျွန်တော် အိမ်မှာ ငါးထိန်းလုပ်နေရလို့ပါပဲ။  ဒီကဗျာမှာ ငါးတွေရဲ့ characteristic နဲ့ လူတွေရဲ့ nature/behavior တို့ကို ပေါင်းပြီး ပိုက်ဆံနဲ့ဆက်နွယ်တဲ့အချက်တွေကို ထုတ်ပြထားပါတယ်။

ငါးတွေဟာ ဇိမ်ခံသဘောင်္ကြီးစီးရင်း လှိုင်းမူးပြီးအန်တယ်။
ငါးတွေဟာ ရေတိမ်နစ်မှာစိုးလို့ အသက်ကယ်ဘောတွေ ဆောင်တယ်။
ငါးတွေဟာ ငါးမရတဲ့နေ့တွေမှာ ကြောင်ဖမ်းပြီးပြန်တယ်။
ငါးတွေဟာ ငါးကြော်ကြိုက်ပေမဲ့ ငါးရိုးစူးမှာကြောက်တယ်။
ငါးတွေဟာ ငါးခုံးမသီးသန့် ငါးပြတိုက်ဖွင့်ပြီး  ငွေရှာတယ်။
ငါးတွေဟာ တိုင်းပြည်ငြိမ်သက်စေမယ့် ခိုးကူးခွေနဲ့ ကားပါမစ်တွေ  တင်သွင်းတယ်။
ငါးတွေဟာ ပြည်တော်ပြန်ငါးတွေကို ငါးသေတ္တာဆိုပြီး ဈေးကွက်ထွင်တယ်။
ငါးတွေဟာ မှန်လုံခန်းလှလှလေးထဲ ပေါင်တံဖြူဖြူလေးတွေထဲ့ဖို့ ဈေးဝယ်ထွက်တယ်။
ငါးတွေဟာ အနုပညာခံစားလိုတာနဲ့ ငါးကျောင်းသားတွေ ခန့်တယ်။
ငါးတွေဟာ ငါးရိုးစုပါ ဆေးမင်ကြောင်တွေ ဖက်ရှင်အဖြစ်ထိုးတယ်။
ငါးတွေဟာ ရေငတ်မပြေတဲ့ ဇိုးသမားတွေဖြစ်တယ်။
ငါးတွေဟာ ပျင်းတဲ့အခါ မှတ်ဥာဏ်မကောင်းတမ်းကစားတယ်။
ငါးတွေဟာ ရေထိုးပေးနိုင်မဲ့လက်တွေနဲ့ လက်ပွန်းတတီးနေတယ်။
ငါးတွေဟာ ဂဏန်းပေါင်းစက်ထဲ ခတ်ပြတ်ပြတ် ဘာသာစကားတွေ ထည့်တယ်။
ငါးတွေဟာ ဘုရားသွားကျောင်းတက်ရတဲ့အခါ အောက်စီဂျင်ဘူးတွေ ခဏဖြုတ်ထားလိုက်ကြတယ်။

သက်ထွေး
၂ ဇန်နဝါရီ ၂၀၁၃ ညနေ ၃း၃၈