ဒီကဗျာအကြောင်းကတော့ ပြောမယ်ဆိုရင် ပြောစရာအများကြီး။ နံပါတ်တစ်အချက်ကတော့ ဒီကဗျာက ကျွန်တော့်ရဲ့ ပထမဆုံး လေသံပြောင်းရေးတဲ့ ကဗျာဖြစ်ပါတယ်။ ကျွန်တော့်အကျင့်က မိန်းကလေး character base ခံထားတဲ့ စာ ဒါမှမဟုတ် ဇာတ်ကားတစ်ခုဆို ခံစားနိုင်စွမ်းအားနည်းတဲ့အတွက် မဖတ်ဖြစ် မကြည့်ဖြစ်တာက များပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ရေးရမယ့် theme က မိန်းကလေးတစ်ယောက်ရဲ့ ခံစာချက်ကို ၁၀၀% ဦးစားပေးပြီး ဖေါ်ပြမှ ရသမြောက်မယ့် theme မျိုးဆိုတော့ ယောကျာ်းလေး character တစ်ခုထွင် နောက် မိန်ကလေး chracter တစ်ခုတည်ဆောက်ပြီး အဲ့မိန်းကလေးကို အဲ့ယောကျာ်းလေးဘက်က မြင်ရတဲ့ ရှုထောင့်မျိုး ကျွန်တော်မရေးချင်ဘူး။ အဲဒါနဲ့ ယောကျာ်းလေးဘက်က မြင်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ မိန်းကလေးဘက်ကမြင်တဲ့ မိန်းကလေးတစ်ယောက်ကို ဖန်တီးခဲ့တာပါပဲ။ ဒီကဗျာရေးတဲ့အခါ တတ်နိုင်သလောက် ကျွန်တော့် ယောကျာ်းလေးဘက်ကမြင်တဲ့ အထင်တွေကို character မိန်းကလေးပေါ်မှာ အရိပ်အရောင်လေးတစ်ခုတောင် မိုးကာမထားခဲ့ပါဘူး။ ဒီကဗျာမှာ မြင်တွေ့ ရမယ့်မိန်းကလေးက သူ့အတွေး သူ့ဘာသာစကားနဲ့ သူခံစားချက်တွေကို ထုတ်ပြပါလိမ့်မယ်။
ဒီကဗျာကို မခိုင်စိုးလင်း ဦးစီးပြီးထုတ်တဲ့ “အပြာရောင်ဝန်ဆောင်မှု” ဆိုတဲ့ ebook အတွက်ရေးပေးထားခြင်းဖြစ်ပါတယ်။ တစ်ကယ့်ကို ကောင်းမွန် သေသပ်တဲ့ စာအုပ်ကောင်းတစ်ခုဖြစ်ပြီး ကျွန်တော့်ကဗျာထက် အဆပေါင်းများစွာကောင်းမွန်သော စာနှင့်ကဗျာများ ပါဝင်တာကြောင့် ဖတ်ဖြစ်အောင် ဖတ်ပါလို့ ညွှန်းဆိုလိုပါတယ်။ ဒေါင်းလို့ရနိုင်တဲ့လင့်ကတော့ ဒီမှာပါ။
http://www.mediafire.com/?2zmblq2hqocy4qt
—————————————-

Illustration Credits: Ko Thurein Ye Myint
ကျွန်မ
နောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။
ရှင်သိလား
ခပ်ရှရှ ရယ်မောနေရတဲ့
လူတစ်ယောက်ရဲ့
မွိန္ပ်ပ် စိတ္နံရံမွာ
တခုတ္တရဆုပ္ကိုင္ထားတတ္တဲ့
စိတ်ကူးယဉ်နူးညံ့မှုတွေ
ခဏခဏ ဝင်တိုက်မှုဖြစ်ပွားတယ်ဆိုတာ။
ရှင်ဖြေ
အိပ်မက်တွေ
လင်းအောင်ညှိချင်တဲ့ ဘဝဆိုတာ
အကြွင်းမဲ့ ကြိုတင်ကြံစည်မှုလို့
အက်ကွဲစ မိုးသားတွေ
ပေကျံနေတဲ့
မျက်လုံးမျိုးနဲ့
ရှင်ဖြေ။
ကျွန်မ
အဓိပ္ပာယ်ကို
ဆံပင်အတိုဖြတ်သလို
စွန့်လွှတ်ခဲ့ဖူးတယ်။
ဆွံ့အဝါဒကို
အဖိတ်အစင်များလွန်းတဲ့
ကိလေသာလို
မွေးမြူခဲ့ဖူးတယ်။
ကျွန်မအတွက်
ချစ်ခြင်းမေတ္တာဆိုတာ
ဒိုင်ခွက်ထဲ ထည့်ဖျော်ထားခံရတဲ့
အပြင်းစား ယဉ်ပါးမှုပဲ ။
ကျွန်မနောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။ ။
သက်ထွေး
ညနေ ၅နာရီ မတ်လ ၈ရက် ၂၀၁၂
April 15th, 2012
မခင်တွယ်လိုတော့တဲ့
မပြတ်သားမှုနဲ့
နွမ်းလျနေရောပေါ့။
“ခေါက်ရိုးတစ်ဖက်”
“ချိုးရာတစ်ဖက်”
သေသေသပ်သပ် အိတ်ကပ်ထဲထည့်။
ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။
စက္ကန့်တံတွေနဲ့
နားကြားလွဲခဲ့တဲ့
နေ့တွေမှာ
မှန်ကပ်ဗီဒိုဆန် လစ်ဟင်းပစ်ခဲ့ဖူး
သင်္ကာမကင်း လက်သင့်ခံခဲ့ဖူး
ပေါ့ပျက်ပျက် အဘိဓမ္မာထဲက
အမှတ်သည်းခြေနည်းတဲ့
လေ့လာတွေ့ရှိမှု
အခုတော့
ချို့တဲ့ကုန်ပါပြီ။
မီးကူးခံထားရတဲ့ အာရုံဟာ
ခေတ်ပျက် ပလက်ဖောင်းပေါ်
သွက်လက်ပေါ့ပါးလို့
ထိုးစရာ ဓားတွေကျန်ပြီး
နောက်ကျောတွေ ကုန်သွားတဲ့ခေတ်
အခုတော့
အိုပါပြီ။
ကိုယ်ရည်သွေးလို့ မဆုံးနိုင်တဲ့
နှိုးစက်သံတွေ
ခွဲစိတ်ခံဖို့ ရောက်လာခဲ့တယ်။
စိတ်အစဉ်နဲ့
ကျောရိုးမဲ့
ဓာတ်စာတို့…
“ကောင်းသောနေ့ပါ” ။
အကြွင်းမဲ့ ပြတ်သားဖို့
အထ မမြောက်တိုင်း
တစ်မိုးသောက်
အရူးအမူးစိတ်ကလေးကို
ဝီရိယ အလွန်အကျွံနဲ့
ငေးကြည့်နေယုံသာ။ ။
သက်ထွေး
၁ဝ ဧပြီ ၂ဝ၁၂ နေ့လည် ၁၂း၅၄
April 10th, 2012
လေကောင်းလေသန့်တွေ
တစ်ညလုံး ပြန်ဖတ်ဖြစ်တယ် …
သွေးရူးသွေးတန်း
လမ်းထလျှောက်ရအောင်
ခါးကြားထိုးထားတဲ့
နေသားကျမှုမှာ
ပျော်ရွှင်မှုတစ်စက်မှ မကျန်တော့ဘူး …
အတည်တကျချိန်းဆိုထားတာ
မရှိသေးသရွေ့
အလှမ်းကျဲနေချင်သေးတယ် …
ယောက်ယက်ခတ်နေတဲ့
နာရီလက်တံတွေကို
ဘာနဲ့ ဖောက်ခွဲပစ်ရမလဲ …
ပင့်သက်တွေက
သစ်စိမ်းချိုး ချိုးသူတို့ရဲ့
ဟန်ပန်အတိုင်း …
မှုန်ဝါးဝါး အာရုံငါးပါးဟာ
ဖျားနာနေပြီ …
ဖွာလက်စ
လျာထားချက်တွေ
စိတ်နံရံမှာ စွန်းထင်းလျက်သား
အရင်လို
မောကြီးပန်းပြီး
ရယ်နေမိတယ် …
ခပ်နွမ်းနွမ်း
ဇာတ်ရှိန်တွေ…
ရွှေ့ယူဖို့
အဆင်သင့်ဖြစ်နေခဲ့ပြီ ..
နှောင်ဖွဲ့မှုအပေါ်
တည်ဆောက်ပုံချင်း
အခန့်မသင့်တဲ့အခါ
သတိတရ
ကိုယ့်နာမည်ကိုယ်ပြန်မေးရင်း
မိုးလင်းသွားနိုင်တယ်
မဟုတ်လား …
တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ် ။ ။
သက်ထွေး
ဒီဇင်ဘာ ၅ ရက် ၂၀၁၁ ည ၁၁း၄၇
December 5th, 2011
အန်ထရိုပီ [entropy] ဆိုတဲ့ ဝေါဟာရက အဓိပ္ပာယ် သုံးမျိုးလောက်ရှိပါတယ်။ ဒါပေမဲ့ ဒီကဗျာခေါင်းစဉ်အတွက် ယူထားတဲ့ အဓိပ္ပာယ်ကတော့ cosmology terms တစ်ခုဖြစ်ပါတယ်။ ဆရာတာရာမင်းဝေရဲ့ “ကျွန်တော်နှင့်သိပ္ပံမှတ်စုများ” ဆိုတဲ့ စကားပြေမှာ Entropy ခေါင်းစဉ်တစ်ခုနဲ့ entropy အကြောင်းကို လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆက်စပ်ပြီး နှိုင်းယှဉ် ရေးသားပြသထားပါတယ်။ ဆရာက “Entropy” ဆိုတာ ပြောင်းလဲမှုမရှိနိုင်တော့တဲ့ အဆုံးစွန် အခြေအနေ (နောက်ဆုံးအခြေအနေ) တစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီကဗျာရေးအပြီး ခေါင်းစဉ်စားတော့ ဖတ်ဖူးတဲ့ ဆရာ့စကားပြေထဲက entropy ဆိုတဲ့ စကားလုံးနဲ့ ကျွန်တော့်ကဗျာနဲ့ အတော်တိုက်ဆိုင်နေတာကြောင့် entropy လို့ပဲပေးလိုက်တာပါ။ အနောက်မှာ (၁) တပ်ထားရတဲ့အကြောင်းအရင်းကတော့ ဒီကဗျာကို ကျွန်တော်ဆက်ရေးချင်သော်လည်း ဘယ်လိုမှဆက်ရေးလို့မရတော့ပဲ အဆုံးသတ်လိုက်ရတာကြောင့်ပါ။ ကဗျာက ရုတ်တစ်ရက်ကြီး အဆုံးသတ်သွားတယ်လို့ ခံစားရရင် တောင်းပန်ပါတယ်။ ဆက်ရေးဖို့ကြိုးစားကြည့်ပေမဲ့ ဘာမှထွက်မလာတော့လို့ပါ။ နောက် (၂) တွေ (၃) တွေကြရင် ဒီ့ထက်ပိုကောင်းအောင် ကြိုးစားပြီးရေးပါမယ်။ ဒီကဗျာက အချိန်တော်တော်ပေးပြီးရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ .. ဖတ်လို့အဆင်ပြေမယ်ထင်ပါတယ်။
————————————————————————————-
ကျွန်တော်ကဗျာရေးချင်တယ် …
တစ်ကယ်ပြောတာ ….
အရင်လို “ခင်ဗျားအကြောင်း” …
အခုလို “ခင်ဗျားအကြောင်း” …
ဒါမှမဟုတ် …
နောင်လို “_______”
ထားပါ ….
ကွက်လပ်ဆိုတာ …
ကျွန်တော့်အတွက်
မရင်းနှီးသေးတဲ့ ယဉ်ကျေးမှု …
အလွတ်မရသေးတဲ့ နာကျင်မှု …
တစ်ယောက်ထဲ စိတ်ကူးယဉ်ရတာ
ဘယ်လိုမှ ပျော်စရာမကောင်းဘူး …
ကျွန်တော့်ကိုကယ်ပါ …
ခင်ဗျားပါမလာတဲ့အတွေးထဲ ..
လက်လွတ်စပယ်
ကြွေကျလိုက်ဖို့မဖြစ်နိုင်လို့ပါ …
တစ်ကယ်တော့ ..
ကျွန်တော်ဟာ
စွန်နှစ်စင်းအတူတူလွှတ်ဖို့ ..
စိတ်ကူးရှိနေသေးတဲ့
ဟင်းလင်းပြင်တစ်ခုပေါ့ ..
ကျွန်တော့်ကိုနားလည်ပါ ..
ရာသီပေါင်းများစွာကို လွှင့်ပစ်လို့ရပေမယ့် …
တိုက်ဆိုင်မှုတစ်ခုတစ်လေကိုတော့ ကျောခိုင်းခဲ့ဖို့ မဖြစ်နိုင်လို့ပါ …
ခင်ဗျားဟာ …
ပြင်းပြင်းထန်ထန် ရှိုက်ဖွာလိုက်ရုံလောက်နဲ့
လွင့်ကြွေမသွားနိုင်တဲ့
ရုပ်ကြွင်းဆန် ကိုယ်ပိုင်စိတ္တဇပဲ…
လိုတာထက် ကျစ်လစ်တင်းရိလွန်းနေတဲ့ နှုတ်ခမ်းမျိုးနဲ့
ချစ်ခြင်းမေတ္တာကို အိမ်မဖွဲ့ပစ်ပါနဲ့ ..
လူတစ်ယောက်ရယ် ..
စုံတွဲကဗျာနှစ်ပုဒ်ရယ် ..
နောက် …
ထက်ဝက်ပျက်နေတဲ့ ရက်သတ္တပတ်သုံးခုရယ် …
ခင်ဗျားနဲ့ ကျွန်တော့်အဖြစ်က
အနေအထားပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုထက်
ပိုခဲ့တယ် …
ဒီကဗျာတစ်ပုဒ်ထက်
ပိုခဲ့တယ် … မဟုတ်လား … ။ ။
သက်ထွေး
စက်တင်ဘာ ၁၈ ၂၀၁၁ သန်းခေါင် ၂း၁၈
September 20th, 2011
အသစ်မရှိသေးတော့ အဟောင်းပဲ ပြန်တင်နိုင်တာ တောင်းပန်ပါတယ်။ ရေးထားတာ အတော်ကြာပြီမို့ အခုရေးဖြစ်တဲ့ကဗျာတွေနဲ့ယှဉ်ရင် ကဗျာမှာ မရင့်ကျက်တဲ့ အသုံးအနှုန်းတွေ၊ ကျစ်လစ်မှုမရှိတဲ့ အတွေးအခေါ်တွေ ပါနေနိုင်ပါတယ်။ ဒါကိုလည်း ခွင့်လွှတ်စေချင်၏ ။
————————————————–

အမှောင်တစ်ချို့
အလင်းတို့ကို
အလစ်သုတ်သွား ..
မြို့ပြရဲ့
မထွက်တတ်သော
ဆည်းဆာအား
ခေါင်းပုတ်၍ နှုတ်ဆက်ခဲ့သည်။
အသံတွေနဲ့ပျာယာ ခတ်နေတဲ့
နှစ်သက်သော
မြစ်လေးကို ငါသည်
ကျောခိုင်းခဲ့ပြီ။
အပြစ်တစ်ချို့ကို
ဆေးခြယ်ခဲ့သည်
အသစ်တို့ကိုတော့ငါသည်
ဘေးဖယ်ခဲ့သည်။
လမ်းတစ်ချို့အား
မှတ်ထားပြီး
လမ်းတစ်ချို့အား
မေ့ထားခဲ့သည် …
အနိစ္စ အာရုံသည်
မလှမ်းမကမ်းတွင်
ငါ့အား
ခါးထောက်ပြီး ကြည့်နေခဲ့သည်။
သံပတ် မပေးထားတဲ့
နာရီကြည့်ဖြစ်သည်
ဒီအချိန်ဆို
အမေ့ပါးပြင်မှာ
မျက်ရည်မို့လောက်ပြီ။
အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
ပဲ့တင်သံတို့ကင်းစင်သည်။
တစ်ချို့သည် မျှော်လင့်ချက်တို့အား
ခင်းကျင်းထားသည်။
တစ်ချို့သည်ကား ခံစားချက်တို့အား
ရှင်းလင်းထားသည်။
လက်ဖဝါးပေါ်မှ
မြေစာပင် တစ်ချို့အား
နှုတ်ဖြစ်ခဲ့သည် ။
ဒီနေ့သည်
သမိုင်းဦးကျမ်းစာထဲမှ
သစ္စာမဲ့သော
နေ့တစ်နေ့ဖြစ်သည်။
ငိုယိုနေတဲ့
ဖေါင်တိန် တစ်ချောင်းကိုတော့
မချော့ဖြစ်ခဲ့
ကြာရင်တော့ ကဗျာတို့နဲ့
နေသားကြသွားပေလိမ့်မည် ။
မေ့တတ်တဲ့လူတို့ကိုသာ
နှုတ်ဆက်ဖြစ်ခဲ့ပြီး
သတိရတတ်သော သူတို့ကြားမှ
ရုန်းထွက်ခဲ့သည်။
ဒီလိုနဲ့
နေဝင်ဆည်းဆာသည်
ပျောက်ရှသွားသည့်
ငါ၏နံရိုးမှတစ်ဆင့်
လှလှပပ ဇာတ်သိမ်းသွားခဲ့သည်။
သက်ထွေး
နိုဝင်ဘာ ၁၆ရက် ည ၆း၁၈ ၂၀၀၇
July 8th, 2011

ထိတ်လန့်မှုဟာ
ဘယ်လောက် နက်ရှိုင်းနေပြီလဲ …
ပျော်ရွှင်မှုကို
ဒန်းလိုလွှဲနေရတာ မောပြီ …
ပစ်တင်လိုက်ရတဲ့ နားလည်မှုဟာ
တစ်ခါတစ်ခါ ပြန်ကျမလာဘူး …
ရပါတယ် …
ယုံကြည် မပေးပါနဲ့ …
အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ခြင်းဆိုတာ
အဆိုးဆုံးတွေကို ရင်ဆိုင်နေထိုင်နိုင်ခြင်းပါပဲ …
နားလည်ပါတယ် …
မေ့ထားခဲ့ရတဲ့မြို့က
လက်ကလေးချိုး၊ သချာင်္လေးတွက်တတ်ရုံနဲ့
ပြန်လာလို့မရဘူးဆိုတာ …
သူလိုကိုယ်လို
ကျောပေါ်မှာ အိမ်ဆောက်တိုင်းကစားကြည့်ရင်း
ကိုယ်ဆံပင်ရှည်ဖူးခဲ့ပေါ့ …
ပေါ့ပေါ့ပါးပါး ရယ်သံတစ်ခုဟာ
ပြတ်ပြတ်သားသားရှိခဲ့ဖူးရင် ကောင်းမယ် …
နွေးနွေးထွေးထွေး စိတ်ကူးတစ်ခုဟာ
စိမ်းစိမ်းလန်းလန်းရှိခဲ့ဖူးရင် ကောင်းမယ် …
မျက်နှာဖုံးတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့
ယုန်လက်နဲ့ ဝံပုလွေရုပ်ထု ဆက်ထုနေရဦးမှာပေါ့ …
ဓါတ်မီးတိုင်အောက်က တိတ်ဆိတ်မှုတစ်ချို့ကို
ခွဲစိတ်လေ့လာဖို့တော့လိုနေပြီ …
မွတ်သိပ်မှုဆိုတာ သိပ်ကူးစက်လွယ်တယ်မဟုတ်လား …
ဆာလောင်မှု ဧည့်မှတ်တမ်းမှာ
ကိုယ်တစ်ယောက်ထဲထိုင်သွားတယ် …
လူတွေအကြောင်းပိုနားလည်လာလေလေ … အသက်ရှူသံတွေကို ပိုစာနာမိလေလေပဲ။ ။
သက်ထွေး
၁၅ ဇွန် ၂၀၁၁ မနက် ၁၀း၄၆
June 15th, 2011
ပထမဆုံးပြောချင်တာကတော့ တောင်းပန်စကားပါ။ ကျွန်တော်ကဗျာအသစ်မရေးဖြစ် မတင်ဖြစ်တာ တော်တော်ကြာသွားတယ်။ အတိုချုံ့ပြောရမယ်ဆိုရင်တော့ ခေါင်းမဖော်နိုင်လောက်အောင် အလုပ်တွေနဲ့ဗျာများနေပြီး အဲ့ဒီစိတ်တွေနဲ့ပဲ ကဗျာရေးချင်တာတောင်မှ ဘာမှထွက်မလာပါဘူး။ ခဏခဏအသစ်တင်လားဆိုပြီး လာရောက်စောင့်ဖတ်လေ့ရှိကြတဲ့ ညီအကိုမောင်နှစ်မတွေကို အလွန်ပဲ အားလည်းနာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက် အသစ်တွေရေးနိုင်အောင် ကြိုးစားနေပါတယ်။
အခုတင်မယ့်ကဗျာက အသစ်ပါ။ ဒါပေမဲ့ လောလောလတ်လတ် ရေးထားတဲ့ အသစ်မဟုတ်ပါဘူး။ မခိုင်စိုးလင်း၊ ကိုဟန်သစ်ငြိမ်တို့ ဦးစီးပြီးထုတ်တဲ့ “ဥမ္မာ့ notebook” ဆိုတဲ့ ebook အတွက် ရေးပေးခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကြားဖြတ် ကြော်ငြာအနေနဲ့ ထို ebook ကို ဖတ်ချင်သူများ ဒီနေရာတွေမှာ ဒေါင်းလို့ရပါ၏။ Download at mediafire and ifile ။ စာအုပ်ပြုလုပ်ခြင်းရဲ့ အိုင်ဒီယာကအစ စာအုပ်အတွင်းပိုင်း ဒီဇိုင်းအဆုံး ဘာဆိုဘာမှ ပြောစရာမရှိအောင် သေသပ်ပိရိလွန်းတဲ့အတွက် ဖတ်ဖြစ်အောင် ဖတ်ပါလို့လည်းတိုက်တွန်းပါရစေ။ သုံးလေးလကြာလောက် အချိန်ပေးပြီးပြင်ဆင်ဖန်တီးထားခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ကျွန်တော့်ကဗျာဘက်ပြန်သွားမယ်ဆိုရင် စာအုပ်ထုတ်မယ် ကဗျာရေးပေးပါလို့ ကဗျာတောင်းတော့ အရူးစာအုပ်အတွက် အရူးနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုတဲ့။ ဘယ်လိုရူးရူးရတယ်ဆိုတော့ ကိုယ့်အတွက် သိပ်မခက်ပါဘူး .. အရင်ထဲကသိပ်စိတ်မနှံ့ဘူးလို့ ခံယူထားတာ။ တစ်ကယ်တမ်းရူးမယ်လုပ်တော့ ဘယ်လိုရူးရမယ်မှန်းမသိဘူး။ အက်ဆေးတစ်ပုဒ်အတွက် လွယ်ကောင်းလွယ်နိုင်မဲ့တော့ပစ်တစ်ခုဖြစ်ပေမဲ့ အကြောင်းအရာကို အတိုချုံ့ပြီးစုစည်းရတဲ့ ကဗျာလိုအရေးအသားမျိုးအတွက်ကြတော့ ကျွန်တော့်အတွက်ခက်နေတယ်။ ဒါနဲ့ ဟိုသီချင်းနားထောင် ဒီသီချင်းနားထောင်ရင်း Carlos Santana ရဲ့ Maria Maria ဆိုတဲ့ သီချင်းဆီရောက်သွားတယ်။ သီချင်းက မာရီယာ ဆိုတဲ့ သိပ်လှတဲ့ မိန်းမလှလေး တစ်ယောက်အကြောင်း။ တစ်နေ့လုံး အဲ့ဒီသီချင်းကို အကြိမ်ကြိမ်နားထောင်ဖြစ်တယ်။ နောက် မာရီယာကို ရူးသွပ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်း ရေးမယ်လို့ဆုံးဖြတ်ပြီး ကျွန်တော်ဒီကဗျာကို စရေးဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့် အကျင့်က အကြောင်းအရာတစ်ခုကို အစထဲက frame ချပြီးရေးရင် ဘယ်တော့မှ ရေးရတာအဆင်မပြေဘူး။ စကားလုံးအသုံးအနှုန်းသုံးရတာလည်း အားမရသလို ကျွန်တော့်အတွက် ရေးကွက်ဘောင်တွေ အရမ်းကျဉ်းလာတယ်။ ကဗျာပဲဖြစ်စေ၊ အက်ဆေးပဲဖြစ်စေ၊ ဝတ္ထုတိုပဲဖြစ်စေ ကျွန်တော်ရေးတဲ့အခါ ကျွန်တော့်မှာ အစမရှိဘူး၊ အဆုံးမရှိဘူး၊ အကြောင်းအရာမရှိဘူး။ ထိုအရာတွေကို ကျွန်တော့်စိတ်ထဲက ထွက်လာတဲ့ စကာလုံးတွေ၊ စဉ်းစားလို့ရတဲ့ ပုံရိပ်တွေနဲ့ပဲ ပုံသဏ္ဍာန်တွေ တည်ဆောက်လိုက်တာပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့ တစ်ချို့ကဗျာတွေမှာ theme ပျောက်နေတာတွေ့ရပါလိမ့်မယ်။ အားနည်းချက်တစ်ခုလို့ ဆိုမယ်ရင်လည်း ဆိုနိုင်ပါတယ်။ သဏ္ဌာန်တစ်ခုထဲမှာ frame တစ်ခုထားပြီး တည်ဆောက်ဖို့ကြိုးစားမယ်ဆိုတဲ့ စိတ်ကူးမျိုး ကျွန်တော် ဘယ်လိုမှ ထားလို့မရတာကြောင့်လည်းပါပါတယ်။ မာရီဲယာအကြောင်းပြန်ဆက်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ်ချတဲ့ frame ထဲမှာ ကျွန်တော်ရှေ့မရောက်တော့ဘူး။ ဒါနဲ့ စဉ်းစားလိုက် ရတာလေး ချရေးလိုက်နဲ့ လုံးလည် ချာလည်လိုက်နေတယ်။ အဲ့ဒီ့အချိန်တုန်းက ညီတစ်ယောက် နှစ်ယောက်ကလည်း သူတို့ရဲ့ ကောင်မလေးပြဿနာတွေအကြောင်း လာပြောပြပြီးကဗျာရေးခိုင်းတယ်။ သူတို့ရေးခိုင်းတဲ့ အကြောင်းအရာနဲ့ စပ်နွယ်လို့ရမလား စဉ်းစားကြည့်တော့ တစ်ယောက်ရဲ့ ပြသနာက မာရီယာရဲ့ ဇာတ်လမ်းထဲ ပုံသွင်းလို့ရနေတယ်။ ဒါနဲ့ စိတ်ကူးထဲမှာရှိတဲ့ မာရီယာနဲ့ သူတို့မာရီယာ ပေါင်းစပ်ပြီး ဒီကဗျာရေးဖြစ်ခဲ့တယ်။ မာရီယာကို အရူးအမူးစွဲလန်းနေတဲ့ ကောင်လေးတစ်ယောက်ထက် မာရီယာကို အရင်လို ပြန်လည်ရှင်သန်လာဖို့ အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ စကားတွေအနေနဲ့ ပုံသွင်းထားတယ်။
ခင်ဗျားတို့မှာကော ကြိုးပျက်နေတဲ့ မာရီယာ ရှိလား ၊ ဒါမှမဟုတ် ရှိခဲ့ဖူးလား …..
————————————————————-

ဒီအခန်းဟာ ဥယျာဉ်မဟုတ်ဘူး
ရှုခင်းတွေကို ပြန်ယူသွားပါ …
နေကာမျက်မှန်တစ်လက်လောက်
အလင်းတန်းတွေအကြောင်း
ဘယ်သူမှပိုမသိပါဘူး …
မျက်ဝန်းလှလှလေးကို
ပြီးစလွယ် ချွတ်ပစ်လိုက်ပါဦး မာရီယာ …
အရင်လို
လူပြောများလွန်းလှတဲ့
တနင်္ဂနွေအကြောင်းပဲလား …
ဖုန်းခွက်ထဲ
နံနက်ခင်းသက်ပြင်းတွေ
သွင်းယူ၊ ခင်းကျင်း၊ ပြသရုံပဲမဟုတ်လား …
အုံ့ဆိုင်းနေတဲ့ ဆက်ဆံရေးမှာ
အသံတစ္ဆေတွေ
ကူးခတ်လှုပ်ရှားနေကြပုံက
သီအိုရီအိုတစ်ခုလို စိုထိုင်းငြီးငွေ့ချင်စရာ …
လိပ်ယူလို့မရနိုင်တော့တဲ့ စွန်ကြိုးတစ်စလို
မင်းနှုတ်ခမ်းတွေ
လိုတာထက် ကျစ်လစ်တင်းရိနေလွန်း
အရာရာဟာ လှနေဆဲပါ မာရီယာ …
အရင်လို
လက်သည်းအရှည် ပြန်ထားပါဦး …
လျှို့ဝှက်ချက်ဆိုတာ
လက်သည်းခွံလေးတွေရဲ့အောက်က
ဖက်ရှင်အသေတစ်ခုလို့
အခြောက်ခံနေတဲ့ စိတ်ကူးမျိုးနဲ့
မရယ်မပြုံး လိမ်းခြယ်ထားပါဦး …
လူမြင်မခံနိုင်တာကိုက
မျက်ရည်တို့ရဲ့ သဘာဝပဲ …
အဲ့ဒီလို မျက်လုံးမျိုးနဲ့ မကြည့်ပါနဲ့ …
ကဗျာရေးသူဟာ အိပ်ငွေ့ချသူမဟုတ်ဘူး
ဒါကြောင့် ရင်ဘတ်အငှားနဲ့ အိပ်ပျော်မနေစေချင်ဘူး …
အဓိပ္ပာယ်ကို ဆံပင်အတိုဖြတ်သလို
မင်းစွန့်လွှတ်ခဲ့ဖူးသလိုမျိုး …
ခံယူချက်ကို ရစ်သမ်အပိုတစ်ခုလို
မင်းတီးခတ်ကြည့်ခဲ့ဖူးသလိုမျိုး …
ရှင်သန်ပါ …
ပြန်လည် ရှင်သန်ပါ မာရီယာ …
နောက် … ဒီအခန်းထဲက
မျှော်လို့ရတဲ့ ရှုခင်းတွေကို ပြန်ယူသွားပေးပါ။ ။
သက်ထွေး
၈ မတ်လ ၂၀၁၁ ည ၆း၀၇
May 18th, 2011
ကဗျာဟောင်းတစ်ပုဒ်ပါ။ အသစ်မတင်နိုင်သေးတဲ့အချိန်မို့ အဟောင်းပဲပြန်တင်လိုက်ပါတယ်။ ဆရာဒိုးလုံးကတော့ “အားလုံးမေ့လို့ရရင် .. အရာရာအဆင်ပြေသွားမယ်” တဲ့ .. ဒါနဲ့ ကျွန်တော်လည်းမေ့ကြည့်လိုက်တယ်
————————————————————

မေ့လိုက်
ညတစ်ဖြစ်နဲ့
နံနက်အခင်းအကျင်းတွေ
မေ့လိုက် ..
ရနံ့သင်းနေကြ
အခန့်မသင့်ခြင်း
တကူးတကတွေ
မေ့လိုက် ..
ဒဏ်ရာပေါ်က
ဖြေသိမ့်ခြင်း
သုခတွေ
မေ့လိုက် ..
စိတ်လိုလက်ရ
သက်ပြင်း
အစွန်းအထင်းတွေ
မေ့လိုက် …
တွေ့ရှိခဲ့
မျှော်လင့်ခြင်း
အနှိုင်းမဲ့ကုဋေ
မေ့လိုက် …
ကောက်မိခဲ့
ခြေရာထပ်
လမ်းကြမ်းတွေ
မေ့လိုက် …
ဖြတ်သန်းခဲ့
ရင့်ကျက်မှု
အပိုင်းအစတွေ
မေ့လိုက် …
တိတ်ဆိတ်ခဲ့
အထီးကျန်ခြင်း
စိတ်တ္တဇတွေ
မေ့လိုက် …
ခံစားမှု
ရေမြေဒေသ
ဝေးကွာမှုပြ
ခွဲခွာခြင်း
ရလဒ်တွေ
မေ့လိုက် …
နာဖျားခဲ့
ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။
သက်ထွေး
မေ ဝ၄ ၂၀ဝ၉
May 3rd, 2011

ခပ်လှမ်းလှမ်းမှာ
အ၀ါရောင်နွေဥတုဟာ
မျိုချထားတဲ့ ပင်လယ်တုနဲ့ ..
လွမ်းမောစရာကောင်းလွန်းလှပါတယ်ဆိုတဲ့
ဥသြသံတွေ ပြန်ပြန်ရစ်ပြီး
နားထောင်ဖြစ်နေပေမယ့် …
အဆုံးသတ်ညက်တဲ့
ပြိုလဲမှုမရှိ …
ရယ်စရာမောစရာ
တိုက်ဆိုင်မှုမရှိ …
တစ်ခုခု သတိရမိတယ်ဆိုတာနဲ့
ကိုယ်ရေးပြီး ကိုယ်နဲ့မဆိုင်တဲ့
ကဗျာတွေထဲ ပြန်ထိုင်ဖြစ်ခဲ့တယ် ..
စွန့်စားပစ်လိုက်ဖို့
ဝေါခနဲချိုးချလိုက်တိုင်း
ခေတ်ပျက်ပလက်ဖေါင်းပေါ်
ဘီးချော်နင်းမိလျက်သား …
ကိုယ့်ပုခုံးကိုယ်ထမ်းထားရတဲ့
အိမ်ပြေးတစ်ယောက်လို …
ကိုယ့်ကိုယ်ကို မျက်နှာချင်းမဆိုင်မိအောင်
မှောင်တဲ့အထိ စောင့်ခဲ့တယ် …
မတွေ့ပါရစေနဲ့ …
မတွေ့ပါရစေနဲ့ …
ကျောသပ်တဲ့လက်တွေနဲ့
တစ်ခါပြန်လည် မဆုံတွေ့ရပါစေနဲ့ …
ဘယ်သူမှမသိတဲ့ ကမ္ဘာမှာ
တိတ်တိတ်ဆိတ်ဆိတ် ထိတ်လန့်ခဲ့ဖူးတယ် …
ကျကျနန နာဖျားခဲ့ဖူးတယ် …
ရုတ်ရုတ်သဲသဲ အထီးကျန်ဆန်ဖူးတယ် …
အဆုံးသတ်ဆိုတာ
ကိုယ်ခဏခဏတိုက်ခဲ့ဖူးတဲ့ ထီလက်မှတ်ပဲ …
သေချာအောင် လက်ကလေးကွေးလိုက်ချင်ပေမယ့်
တစ်ခါတစ်ခါပစ်မှတ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ။
သက်ထွေး
၁၁ ဧပြီ ၂၀၁၁ နေ့လည် ၂း၃၄
April 11th, 2011
တစ်ကယ်တော့ ကဗျာအဟောင်းတွေ ဒီဆိုဒ်မှာမတင်ဘူးလို့ ကျွန်တော် ဆုံးဖြတ်ထားတာပါ။ အခြားတော့မဟုတ်ပါဘူး။ ကိုယ်ရေးထားတဲ့ ကဗျာအဟောင်းတွေ ပြန်ဖတ်တိုင်း ကလေးဆန်သလိုလို၊ မကောင်းသလိုလို၊ ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ ရေးဟန်နဲ့ တစ်ထပ်ထည်းကျနေသလို၊ မပြည့်မီတဲ့ ဥာဏ်နဲ့ မပြည့်မီတဲ့ အကြောင်းအရာတွေ ချပြထားမိသလို .. စတဲ့ ဟိုလိုလို ဒီလိုလိုတွေ ဖြစ်နေတာကြောင့်ပါ။ ဒါပေမဲ့ အဟောင်းပဲဖြစ်စေ အသစ်ပဲဖြစ်စေ တင်လိုက်တိုင်း ကျွန်တော့်ကဗျာတွေကို လာဖတ်ပြီး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ စာဖတ်သူတွေကိုတွေ့ရတော့ တစ်ကယ်ပဲ အားတက်မိပါတယ်။ ကျွန်တော် ရင်းနှီးတဲ့သူတွေကို ခဏခဏပြောဖူးပါတယ်။ ကဗျာတွေ စာတွေရေးတာ ကြာလာလေလေ ကျွန်တော့်အတွက် ကဗျာတွေ၊ စာတွေရေးရတာ ခက်လာလေလေလို့။ ကုန်ကြမ်းကုန်သွားလို့ အကြောင်းအရာ ရှားသွားလို့ မဟုတ်ပါဘူး။ ကျွန်တော်ရေးပြီးသား ကဗျာတွေ၊ စာတွေထက် ပိုကောင်းအောင်၊ အကြောင်းအရာမထပ်အောင်၊ အခင်းအကျင်းပုံစံမတူအာင်၊ စကားလုံး အသုံးအနှုန်းမရိုးအောင်၊ ခံစားမှုပေးစွမ်းနိုင်ပုံခြင်းမတူအောင် စာဖတ်သူတွေအတွက် ရေးပေးချင်လို့ဖြစ်ပါတယ်။ ကျွန်တော် သဘောကျတဲ့ Charles Simic ရဲ့ quote လိုပါပဲ။ “Poetry is an orphan of silence. The words never quite equal the experience behind them. — Charles Simic” ။ ကျွန်တော်ရေးလိုက်တဲ့ စကားလုံးတိုင်းက ရင်ထဲက ခံစားပုံဖေါ်မှုကို အသက်သွင်းမှုအပိုင်းမှာ အားနည်းနေတုန်းဖြစ်ပါတယ်။
ကျွန်တော် အခုအောက်မှာ ပြန်တင်မဲ့ကဗျာက ၂၀၁၀ ကဗျာပြန်ရေးဖြစ်ခါစ လေးပုဒ်မြောက် ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာပြန်ရေးခါစလို့ ပြောရတာက ၂၀၀၇ နဲ့ ၂၀၀၈ မှာ ကဗျာတွေအများကြီးရေးဖြစ်သလောက် ၂၀၀၉ ခုနှစ်မှာ စာလုံးဝမရေးဖြစ်ဘူးလို့ ပြောရလောက်အောင်ကို ဘာမှမရေးဖြစ်ပါဘူး။ စာရေးခြင်းထက် အလုပ်လုပ်ခြင်းကို ဦးစားပေးနေတဲ့ကာလမို့ စာရေးချင်သည့်တိုင်အောင် ဘာဆိုဘာအကြောင်းအရာမှ ထွက်မလာပါဘူး။ ၂၀၁၀ မှာတော့ စာသေချာပြန်ရေးဖြစ်ပြီး ကျွန်တော့် စာအရေးအသား အရင်ကထက် ပိုမိုရင့်ကျက်လာတယ်လို့ ယူဆနိုင်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ ဒါတောင်မှ အခု “လွတ်ကျသွားတဲ့အမှန်တရား” အပါအ၀င် အစပိုင်းရေးဖြစ်တဲ့ ကဗျာတစ်ချို့က ကိုယ်ပိုင်ပင်ကိုယ်ဟန် သေချာမထွက်လာသေးဘူးလို့ ယူဆလို့ရတဲ့ ကဗျာအမျိုးအစားတွေထဲ ပါပါဦးလိမ့်မယ်။ အခုအခြေအနေမှာ ကျွန်တော့်အရေးအသားဟာ ဘယ်နေရာပဲရောက်နေပါစေ .. လူဆိုတာ ကိုယ့်သမိုင်း ကိုယ်မေ့လို့မရပါဘူး။ ကျွန်တော့်ရဲ့ အရေးအသားမှာ တိုးတက်မှုဆိုတာရှိခဲ့ရင် ထိုတိုးတက်မှုဆိုတဲ့အရာကို တိုင်းတာဖို့ စမှတ်ဆိုတာ ရှိဖို့လိုအပ်ပါလိမ့်မယ်။ စာတွေ ကဗျာတွေ အရေးအသားနဲ့ ပက်သတ်လာရင် ကျွန်တော်ဟာ အရှေ့ကိုပဲ အမြဲလှမ်းချင်နေတဲ့ ခရီးသွားပါ။ လိုအပ်လို့ အနောက်ပြန်လှမ်းရသည့်တိုင် ခြေရာအသစ်နဲ့ပဲ ပြန်လှမ်းဖို့ စိတ်ဝင်စားပါတယ်။ ကျွန်တော်နဲ့ ခရီးအတူသွားကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
——————————————————————-

(၁)
နွေကို
ဖန်ဆင်းတာ
ဆောင်းလို
မအေးစက်တတ်ဖို့တဲ့
မနက်ကရွာသွားတဲ့မိုး
အငြိုးတွေပါတယ် မေမေ …
အတ္တကို ခြုံမှ
နွေးမယ်ဆိုရင်တော့
ကျွန်တော်
အေးလဲ အေးပါစေတော့ …
(၂)
ပန်းတိုင်ကိုတည်
လက်ဆယ်ချောင်းထောင်ပြီး
လက်ငါးချောင်းကို
စိတ်မှာ မှတ်ခဲ့ပါတယ်
မေမေ …
ဘဝကို
ဝှေ့ယမ်း
နှုတ်ဆက်ရုံ
သက်သက်ဆိုရင်တော့
ကျွန်တော်
တကူးတက
မထက်မြက်ချင်တော့ဘူး …
(၃)
တစ်ထောင့်တစ်ည
မမက်ချင်တာနဲ့
အိပ်မက်တွေကို
လက်ထိုး အန်ခဲ့တယ်
မေမေ …
မင်းသမီးလေးနဲ့
ထိမ်းမြား ဖို့
အိပ်ရေးပျက် ခံမနေတော့ဘူး …
(၄)
ကိုယ့်ကိုယ်ကို
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …
ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …
(၅)
ခရာမှုတ်ပြီး
ပွဲသိမ်းလိုက်ကြစို့ရဲ့တဲ့ ..
လွတ်ကျသွားတဲ့
အမှန်တရားက
တစ်ခါတစ်လေတော့လည်း
ခါးတယ် မေမေ ။ ။
သက်ထွေး
၁၇.ဝ၆.၂ဝ၁ဝ မနက် ၈းဝဝ
March 28th, 2011